၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးကာ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ဝန်ထမ်း များနှင့် တွေ့ဆုံမှာကြားရာတွင် ဝန်ထမ်းများအားလုံးကို စုံညီစွာ ဆုံတွေ့ရသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ ဌာန၏ ဝန်ထမ်းများသည် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အတွက် အရေးပါသည့် အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်နေရသည့် အားလျော်စွာ ဝန်ထမ်းများ၏ တစ်ဦးချင်းစွမ်းဆောင်ရည် ကောင်းမွန်ရန်လည်း လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်တက်လာရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ၊ အသိပညာမျှဝေရေး (Knowledge Sharing Program – KSP) အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းမှတစ်ဆင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းစေမည့် ဝန်ဆောင်မှုများပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြမည်ဟု ယုံကြည် ပါကြောင်း အလေးထားမှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) ရှိ ဌာနခွဲများ၏ ဝန်ဆောင်မှုပေးမှုအခြေအနေများ၊ ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရုံးစာကြည့်တိုက် အတွင်း စာအုပ်၊ စာစောင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ အသိပညာမျှဝေဆွေးနွေးခြင်း ဆွေးနွေးပွဲအမှတ်စဉ် (၁၆) သို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးထွန်းတောက်အောင်၏ “Investor Targeting and Lead Generation” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားမှုအား ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်းအလုံးစုံဝန်ဆောင်မှုပေးသည့်အဖွဲ့(One Stop Service – OSS)၏ တာဝန်ရှိသူများအား တွေ့ဆုံ၍ လုပ်ငန်းစဉ်များပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ဌာနအချင်းချင်း ပူးပေါင်း၍ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေးကို လည်းကောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများ အတိုင်း တိကျစွာဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေးကိစ္စများကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအသိုက်အဝန်း၏ ယုံကြည်အားကိုးရသည့် မိတ်ဖက်ဌာနများ ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် One Stop Service – OSS ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှု အားပေးခဲ့ပါသည်။