၀န်ကြီးဌာနသတင်းများ

အင်ဒိုနီးရှားနိုင်ငံ၊ ဘေလီတန်ကျွန်းတွင် ၂၀၂ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့သည့် အာဆီယံအပြာရောင်စီးပွားရေး မူဘောင်ရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်ဦးဆောင်သော ကိုယ်စားလှယ်များက   ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။  အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှု ဆိုင်ရာအဆင့်မြင့် လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ ပါဝင်တက်ရောက် ခဲ့ပါသည်။  

စကားဝိုင်းဆွေးနွေးပွဲတွင် အာဆီယံအပြာရောင်စီးပွားရေးမူဘောင်၏ (ပထမမူကြမ်း) အပေါ် ထည့်သွင်း လိုသည့်အချက်များအား တင်ပြခြင်း၊ အာဆီယံဒေသတွင်း၌ အပြာရောင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ အာဆီယံအပြာရောင် စီးပွားရေး   မူဘောင်သည် ဒေသဖွံ့ဖြိုးရေး အတွက် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊  ဒေသတွင်း  စီးပွားရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ပုံစံကောင်း တစ်ခု  ဖြစ်စေရန် မျှော်မှန်းထား ပါသည်။  အာဆီယံအပြာရောင် စီးပွားရေးမူဘောင်သည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်၍ သက်ဆိုင်သည့်ကဏ္ဍ အားလုံး ညှိနှိုင်းရေးဆွဲလျက် ရှိပါသည်။

          အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အပြာရောင်စီးပွားရေးသည် ကဏ္ဍတစ်ခုနှင့် တစ်ခုအကြား ဆက်စပ်နေသည့်အတွက် သက်ဆိုင်သူများအားလုံး ပါဝင်ရေးသည် အရေးကြီးကြောင်း၊ ပင်လယ်သမုဒ္ဒရာနှင့် ဆက်စပ်သည့် စွမ်းအားစုများကို အကျိုးရှိထိရောက်စွာ အသုံးချရေးအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အဖွဲ့ဝင်နိုင်ငံများတွင် ဖွံ့ဖြိုးမှုအဆင့်များ မတူညီသည့်အတွက် အမျိုးမျိုးသော အပြာရောင် စီးပွားရေးကဏ္ဍများတွင် လုပ်သားများ၏ ကျွမ်းကျင်မှုကို မြှင့်တင် ပေးနိုင်ရန် သင်တန်းပေးခြင်း၊ လက်တွေ့လေ့ကျင့်သင်ကြားခြင်းများစသည့် စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသယံဇာတများအား ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ချမှတ်ဆောင်ရွက်လျက်ရှိသည့် အချက်အလက်များကို မျှဝေ ဆွေးနွေး ခဲ့ပါသည်။

          အာဆီယံအပြာရောင်စီးပွားရေးမူဘောင် ရေးဆွဲရေးကိစ္စသည် အင်ဒိုနီးရှားနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူသည့် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်နေသည့် စီးပွားရေး လုပ်ငန်းစဉ်တစ်ခုဖြစ် ပြီး ယင်းမူဘောင်သည် ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည့် အပြာရောင်စီးပွားရေးဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ ကြေညာချက် (ASEAN Leaders’ Declaration on Blue Economy) ကို အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။

          အာဆီယံအပြာရောင်စီးပွားရေးမူဘောင်၏ အပြီးသတ်မူကြမ်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ကုန်တွင် ကျင်းပမည့်  (၄၄) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တင်ပြရန်ရှိပါသည်။ အဆိုပါမူဘောင်အပေါ် အာဆီယံ စီးပွားရေးအသိုက်အဝန်း ကောင်စီဝန်ကြီးများက အတည်ပြုပြီးနောက် ၂၀၂၃ ခုနှစ်စက်တင်ဘာလတွင်ကျင်းပမည့် (၄၃ ) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များမှ အတည်ပြုသွားမည်ဖြစ်ပါသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့် အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ အတူတကွ ပါဝင်တက်ရောက်ခဲ့ပါသည်။