၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၀) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီး ဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity) တိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာ မျှဝေဆွေးနွေးခြင်းအစီအစဉ် (Friday Talk) အား အပတ်စဉ်ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ အပတ်စဉ် (၂၀) အထိ ရောက်ရှိပြီဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပြောကြားမည့် အကြောင်း အရာသည်  နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ဆောင်ရွက်ရာတွင် အရေးပါ သော စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (Gross Domestic Product- GDP) တွက်ချက် ရာတွင် လိုအပ်သည့် ကိန်းဂဏန်းများ မှန်ကန်စေရေးကို အထောက်အကူပြုသဖြင့် ဝန်ထမ်းများအားလုံး သိရှိထားရန်လိုအပ်ပါကြောင်း၊ GDP တွက်ချက်ရာတွင် စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရ၏အသုံးစရိတ်နှင့် အသားတင်ပို့ကုန် တန်ဖိုးများကို  ထည့်သွင်း တွက်ချက်ရသဖြင့် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများ မှန်ကန်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများကို စနစ်တကျ စာရင်းရေးသွင်းရေးသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ၏ စာရင်းအင်းအချက်အလက်များမှန်ကန်၍ အရည်အသွေးပြည့်ဝမှုရှိရန် အမြဲဆောင်ရွက်ရန် လိုပါကြောင်း၊ ယနေ့ဆွေးနွေးပို့ချမည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ အရာထမ်း၊ အမှုထမ်းများအနေဖြင့်  တက်တက်ကြွကြွ ပါဝင်ဆွေးနွေး သွားကြ စေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့ပြီး ဆွေးနွေးမည့်ခေါင်းစဉ်၏ အခြေခံဖြစ်သည့် နိုင်ငံတစ်နိုင်ငံအတွက် စာရင်းအင်း အချက်အလက်များ၏ အရေးပါပုံနှင့် စာရင်းအင်းများ တိကျမှန်ကန်စွာ ဖြည့်သွင်းနိုင်ရေး အတွက် လိုအပ်သော အချက်အလက်များကို မိတ်ဆက် ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာက “ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများနှင့် ကဏ္ဍများကို မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေး လေ့လာဆန်းစစ်တင်ပြခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက် လာကြသူများက ဆွေးနွေးမှု ခေါင်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်း များ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။