၀န်ကြီးဌာနသတင်းများ

ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ်အဆင့်မြင့်ညီလာခံ”သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ရောက်ရှိနေသော ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဇူလိုင်လ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA)၊  ဒုတိယဥက္ကဋ္ဌ Mr. Deng Boqing နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများ၊ အဆိုပြုစီမံကိန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံ/ အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များအား CIDCA မှတည်ခင်းဧည့်ခံသည့်  ကြိုဆိုဂုဏ်ပြုခြင်း အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

          ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက် ချက်ဖိုရမ်၏ ပထမအကြိမ်အဆင့်မြင့်ညီလာခံကို Global Development Initiative: Echo the Development Agenda and Call for Global Action” ခေါင်းစဉ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါညီလာခံသို့ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ Mr. Wang Yi ၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌဖြစ်သူ Mr. Luo Zhaohui ၊ ဖိတ်ကြားထားသော အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံပေါင်း ၂၀ ကျော်မှကိုယ်စားလှယ် အဖွဲ့များ နှင့် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၆ ခုတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ကိုယ်စားလှယ် ၂ ဦးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးကိစ္စများနှင့်စပ်လျဉ်း၍ ဘုံအကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ ဖိုရမ်ခွဲ ၄ ခုကို ဆက်လက်ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် “ဆင်းရဲမှုလျှော့ချရေးနှင့် စိုက်ပျိုးရေးအသွင် ကူးပြောင်းမှု အတွက် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူပိုင်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ခွဲ” သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ညီလာခံအပြီးတွင် ပါဝင်တက်ရောက်သည့် နိုင်ငံများ၏ သဘောတူညီမှုဖြင့် ပေကျင်းထုတ်ပြန်ချက်ကို ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။