၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၁) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီး ဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity) တိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာ မျှဝေဆွေးနွေးခြင်းအစီအစဉ် (Friday Talk) အား အပတ်စဉ်ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ အပတ်စဉ် (၂၁) အထိ ရောက်ရှိပြီဖြစ်ပါကြောင်း၊ ဆွေးနွေးပြောကြားမည့် “ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု” အကြောင်းအရာသည် ဝန်ထမ်းတစ်ဦးချင်းနှင့်  မိမိတို့ဝန်ကြီးဌာနအတွက်ပါ အထောက်အကူပြုပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအပါအဝင် မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်း များအားလုံးအနေဖြင့်  နိုင်ငံဆိုင်ရာ မူဝါဒ၏ လားရာ (Trend) ကိုသိရှိရန် လိုအပ်ပြီး ကုလသမဂ္ဂ နှင့် အပြည်အပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများကိုပါ သိရှိနည်းလည်ရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် အဆိုပါ ကုလသမဂ္ဂနှင့် အပြည်အပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ သယံဇာတအရင်းအမြစ်များတိုးတက်ဖြစ်ထွန်းရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံမှ နည်းပညာနှင့် ငွေကြေးအကူအညီ အထောက်အပံ့များ လိုအပ်သဖြင့် ပူးပေါင်းဆောင်ရွက်ရာတွင် ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက် (Guidelines) များကို ဝန်ထမ်းများအားလုံး သိရှိလိုက်နာကြရမည်ဖြစ်ပါကြောင်း၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများမှ ပေးအပ်သောအကူအညီ အထောက်အပံ့များသည် ချည်နှောင်မှု မရှိစေသည့်  ထိရောက်သောအကူအညီ အထောက် အပံ့များဖြစ်ရန် လိုအပ်ပါကြောင်း၊ UN ၊ NGO နှင့် INGO အဖွဲ့အစည်းများမှ  မိမိတို့နိုင်ငံ အပေါ် ပေးအပ်သောအကူအညီ အထောက် အပံ့များကို ရယူဆောင်ရွက်ရာတွင် တိုက်ရိုက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမျိုး ခွင့်မပြုဘဲ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသန္တရ အဖွဲ့အစည်း များ၏ ခွင့်ပြုချက်ဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုထားပါကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် တက်တက် ကြွကြွ ဝိုင်းဝန်း ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မို့မို့နိုင်က “ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် အသေး စိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

   အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(Online) ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိ များနှင့် အရာထမ်း / အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါ အဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။