၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency – CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ဇူလိုင်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သည့် ဖွံ့ဖြိုးမှု မျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက် ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့် ညီလာခံနှင့် ရှမန်မြို့၌ ဇူလိုင်လ ၁၂ ရက်နေ့ တွင် ကျင်းပခဲ့သည့် “၂၀၂၃ ခုနှစ် အဏ္ဏဝါ စီးပွားရေး၏ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားများ သို့ တက်ရောက် ခဲ့ပါသည်။

အဆိုပါ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက် ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ အဆင့်မြင့် ကိုယ်စားလှယ်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ Mr. Han Zheng အား သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင် နိုင်ငံအဖြစ် ဆောင်ရွက်မည့် ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုမျှဝေရေးဆိုင်ရာလုပ်ငန်း စဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့မှ ရှမန်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ၁၉၈၀ ခုနှစ်က စတင်ခဲ့သည့် အထူးစီးပွားရေးဇုန် ၄ ခု တွင် ၁ ခု အပါအဝင်ဖြစ်သည့် ရှမန်မြို့ရှိ BRICS အဖွဲ့၏ ခေတ်သစ်စက်မှုတော်လှန်ပုံစံ ပြောင်းလဲရေးဗဟိုဌာန (BRICS Partnership on New Industrial Revolution Innovation Center) ပြခန်းသို့ သွားရောက် လေ့လာခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ရှမန်မြို့ရှိ Xiamen International Conference Center Hotel တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး၏ အရည်အသွေးမြင့်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (2023 Seminar on High-Quality Development of Marine Economy) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ရှမန်မြို့တော်ဝန် Mr. Huang Wenhui ၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ၏ ဒုတိယ ဥက္ကဋ္ဌ Mr. ZHONG Haidong နှင့်  ရှမန်ဒုတိယမြို့တော်ဝန် Mr. Zhuang Rongliang တို့နှင့်အတူ Seminar ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါနေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမန်မြို့ရှိ KING LONG လူစီးဘတ်စ်ကား နှင့်လျှပ်စစ်ဘတ်စ်ကား မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက် လေ့လာခဲ့ပြီး ထုတ်လုပ်မှု၊ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချမှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းက UNESCO စာရင်းဝင် Kulangsu ကျွန်းသို့ သွားရောက်ခဲ့ပြီး ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရာဒေသနှင့်ပြတိုက်များကို လေ့လာကြည့်ရှုခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နေ့လယ်ပိုင်းတွင် KELONG  လျှပ်စစ်သုံးပစ္စည်းကိရိယာများ ထုတ်လုပ်မှုကုမ္ပဏီ၏ UPS ကြီးများ ထုတ်လုပ်မှု၊ ဒေတာစင်တာ (Data Center) သုံးပစ္စည်းများနှင့် လျှပ်စစ်ကားအားသွင်းစက် (EV Charger) များ ထုတ်လုပ်သော စက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားလာများကို ဆွေးနွေးခဲ့ပါသည်။ ညနေပိုင်းတွင် ရှမန်မြို့ရှိ တရုတ်ဗုဒ္ဓဘာသာ ကောလိပ်သို့ သွားရောက်လေ့လာခဲ့ပါသည်။        

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက ရှမန်မြို့၊ Bio Medical Research နှင့် Xiamen Cardiovascular Hospital Xiamen University ရှိ နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါကုဌာနသို့ သွားရောက်လေ့လာ၍ ဆေးပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာသင်ဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊  ရှမန်မြို့မှ Xiamen လေကြောင်းလိုင်းဖြင့်  မြန်မာနိုင်ငံသို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Ms. Cao Jing နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့တွင်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးချယ် ပြန်လည် လိုက်ပါခဲ့ကြောင်း သတင်းရ ရှိပါသည်။