၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၂)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီး ဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity) တိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာ မျှဝေဆွေးနွေးခြင်းအစီအစဉ် (Friday Talk) အား အပတ်စဉ်ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ အပတ်စဉ် (၂၂) အထိ ရောက်ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်တွင်းရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ အဆင်ပြေစွာ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ၊ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်ရရှိအောင် ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်း/ ပြည်ပ နှင့် နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကုန်စည်ပြပွဲများ (Investment Fair) ၌ မြန်မာနိုင်ငံက ပါဝင်ပြသနိုင်ရေးတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးမည့် ခေါင်းစဉ်ပါ အာဆီယံ ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership- RCEP) သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ RCEP သဘောတူစာချုပ်တွင် အာဆီယံ ၁၀ နိုင်ငံ နှင့် ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံ ၁၅  နိုင်ငံတို့ပါဝင်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (World Trade Organization- WTO) နှင့် ကနဦး ပူးတွဲကြေညာချက် (Joint Statement Initiative) ပြုလုပ်ထားပါကြောင်း၊ ယင်းစာချုပ်အရ မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံများအထိ စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် အခွင့်အလမ်းများရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ စီးပွားရေးတိုးတက်စေရေးအတွက် ထုတ်လုပ်ခြင်း (Production)၊ ဖြန့်ဖြူးခြင်း (Distribution) နှင့် ဈေးကွက်ရရှိအောင် ဆောင်ရွက်ခြင်း (Marketing) တို့သည် အဓိကမောင်းနှင်အားများဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် စီးပွား ရေးခေတ်သစ်သို့ ရောက်ရှိနေပြီဖြစ်၍ နည်းပညာများတိုးတက်လာသည့်အပြင် စာရင်းဇယား များ (Statistic Data)၊ Artificial Intelligent- AI နည်းပညာ၊ E-Commerce၊ Digital Trade၊  E-Payment System နှင့် Cashless System များကိုအသုံးပြုနေပြီဖြစ်ပါကြောင်း၊ RCEP သဘောတူစာချုပ်၌ ခေတ်နှင့် လျော်ညီစွာ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးအခန်း (E-Commerce) ကို ထည့်သွင်းချုပ်ဆိုထားသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု၊ ကူးသန်းသွားလာမှု၊ ပို့ကုန်သွင်းကုန်တိုးတက်မှု၊ ငွေကြေးဖလှယ်မှု၊ လူမျိုးအချင်းချင်း (People to People)နှင့် ယဉ်ကျေးမှုအချင်းချင်း (Culture to Culture) တို့တွင်ပိုမိုပူးပေါင်းဆောင်ရွက်လာ နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယနေ့ပြုလုပ်သည့်ဆွေးနွေးပွဲမှရရှိသောအသိပညာ၊ ဗဟုသုတများကို အကျိုးရှိရှိ အသုံးချရင်း နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် စွမ်းအားအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချောစုစုဝင်းက “ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးပွဲမှ လေ့လာသိရှိခဲ့သည့် ဗဟုသုတများကို မျှဝေခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း / အမှုထမ်း များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်း အင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။