၀န်ကြီးဌာနသတင်းများ

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်ပါ စီးပွားရေးဦးတည်ချက်နှင့်အညီ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ အကောင်အထည်ဖော်ဆောင် နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ဝန်ကြီးဌာန၏ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များကို နိုင်ငံတော်၏ မူဝါဒ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လူကိုယ်တိုင်နှင့် အွန်လိုင်း (Hybrid) စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  

ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ ဧပြီလ၌ ကျင်းပခဲ့သည့် ဝန်ကြီးဌာန၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်လျာထားခဲ့သည့်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေ များအပေါ် ပြန်လည်သုံးသပ်ရန်နှင့် ဝန်ကြီးဌာန၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် လာစေရန်နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ အနေဖြင့် မြို့နယ်များအလိုက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်သည့် မြေပြင်တွင်အမှန်တကယ်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ အား ရင်းနှီးမြှုပ်နှံမှုစစ်တမ်း (Investment Survey) ကောက်ယူ၍ အနည်းဆုံး ခန့်မှန်းချက်များ ပြုလုပ်ထားရန် အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အခြေအနေကို သိရှိပြီး အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ ပိုမို ပါဝင်လာစေရေး၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများအား စီးပွားရေးဆိုင်ရာကျင့်ဝတ် (Business Ethnic)နှင့်အညီ လိုက်နာမှုရှိစေရေး စနစ်တကျကြီးကြပ်သွားရေးနှင့် ကုမ္ပဏီများ၏ နှစ်စဉ် အစီရင်ခံစာ (Annual Return) ကိုလည်း ယခုထက်ပို၍ စိစစ် ကြပ်မတ်ရေးတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၏ မောင်းနှင်အားဖြစ်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားလုပ်ငန်းများ (MSMEs) ဖြစ်သော ပြည်တွင်း အိမ်တွင်းမှုလုပ်ငန်းများနှင့် ပြည်တွင်းစက်မှုလုပ်ငန်းများကို ဦးစားပေးအားပေးမြှင့်တင်နိုင်ရေး စိစစ်ပံ့ပိုး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှချမှတ် ပေးထားသော မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတကာနှင့် စီးပွားရေးရာပူးပေါင်း ဆောင်ရွက်မှုများတွင်လည်း ထိန်းညှိဆက်သွယ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းများ အားလုံး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်လိုက်နာပြီး အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတာဝန်များကို ထမ်းဆောင် သွားကြရန်တိုက်တွန်း ပြောကြားခဲ့ပါသည်။   

ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး (၂/၂၀၂၃)သို့ ဒုတိယဝန်ကြီး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများနှင့်  တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။