၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၃) ဆွေးနွေးပွဲအဖြစ် “လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၏ မှတ်ပုံတင်အရာရှိအဖြစ် ဆောင်ရွက်ရသည့်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အခန်း ကဏ္ဍ” ခေါင်းစဉ်ဖြင့်  ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီး ဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity) တိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာ မျှဝေဆွေးနွေးခြင်းအစီအစဉ် (Friday Talk) အား အပတ်စဉ်ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ အပတ်စဉ် (၂၃) အထိ ရောက်ရှိပြီဖြစ်ပါကြောင်း၊ ဆွေးနွေးခဲ့သည့် အကြောင်းအရာ ခေါင်းစဉ် များသည် ဝန်ထမ်းများအတွက် ပြည့်စုံလုံလောက်မှုရှိသည့်အပြင် ရုံးပြင်ပဆိုင်ရာ အတွေ့ အကြုံဗဟုသုတများ၊ ဥပဒေ၊ နည်းဥပဒေများကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကပါဝင်ဆောင်ရွက်နေသောဌာနတစ်ခုဖြစ်ပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီ/ လုပ်ငန်းရှင်များအနေဖြင့် စည်းကမ်းပြည့်ဝစွာ ၊ စနစ်ကျစွာ၊ ဥပဒေနှင့် နည်းဥပဒေများကို သိရှိနားလည်၍ လိုက်နာကျင့်သုံးရန် လိုအပ်ပါကြောင်းနှင့် စီးပွားရေး လုပ်ငန်းများတွင်လည်း  စီးပွားရေးဆိုင်ရာကျင့်ဝတ် (Business Ethnic) များနှင့် အညီ ဆောင်ရွက်တတ်ရန် လိုအပ်ပါကြောင်း၊ ကုမ္ပဏီမှတ်ပုံတင်ထားသည့် ကုမ္ပဏီ လုပ်ငန်းရှင်များအားလုံးနှင့် သက်ဆိုင်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုပြီး ကုမ္ပဏီလုပ်ငန်းရှင်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမျှဝေပေးရန်လည်း လိုအပ် ပါကြောင်း၊

 ယနေ့ဆွေးနွေးမျှဝေသော အကြောင်းအရာဖြစ်သည့် “လူမွဲခံယူခြင်းဆိုင်ရာဥပဒေ” ကို ပြည်‌ထောင်စုလွှတ်တော် ဥပဒေ အမှတ် (၁) ဖြင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ပြဋ္ဌာန်း၍  မတ်လတွင် ဥပဒေ စတင်အာဏာတည်ခဲ့ပြီး ဧပြီလတွင် နည်းဥပဒေထုတ်ပြန် ခဲ့ပါကြောင်း၊ အဆိုပါဥပဒေအရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေး ကောင်စီကို ဖွဲ့စည်း ထားရှိပြီး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပါမှတ်ပုံတင်အရာရှိ၏ လုပ်ငန်းတာဝန်များကို မိမိတို့ဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံ မှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊  အဆိုပါ ဥပဒေသည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) တွင် ဖော်ပြပါရှိသည့် ကုမ္ပဏီများ ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ အစားထိုးကျင့်သုံးရမည့် ဥပဒေဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ အရာထမ်း / အမှုထမ်းများအနေဖြင့် ယနေ့ဆွေးနွေး မျှဝေသော  အကြောင်းအရာများကို စနစ်တကျ လေ့လာ မှတ်သား စေလိုပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သီတာအောင် က “ လူမွဲခံယူခြင်းဆိုင်ရာဉပဒေ (၂၀၂၀) အရ မှတ်ပုံတင် အရာရှိဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အခန်းကဏ္ဍ” ခေါင်းစဉ် ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း / အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံး များမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါ သည်။