၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၄) ဆွေးနွေးပွဲအဖြစ် “အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များ” ခေါင်းစဉ်ဖြင့်  ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်းတစ်ဦးစီ၏ စွမ်းဆောင်ရည် (Capacity) နှင့် လုပ်ဆောင်နိုင်စွမ်း (Capability) တိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာမျှဝေ ဆွေးနွေးခြင်းအစီအစဉ် (Friday Talk) အား အပတ်စဉ်သောကြာနေ့တိုင်း ဆောင်ရွက်ခဲ့သည်မှာ အပတ်စဉ်(၂၄)သို့ ရောက်ရှိလာခဲ့ပြီဖြစ်၍ ၆ လတိုင်ရှိခဲ့ပြီဖြစ်ပါကြောင်း၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ၊  သိသင့်သိထိုက်သော ဘာသာရပ်ဆိုင်ရာ အခြေခံအကြောင်းအရာများကို သိရှိနားလည်စေရန် ခေါင်းစဉ်များကိုစနစ်တကျရွေးချယ်၍ အပတ်စဉ်ဆွေးနွေးမျှဝေပေးခြင်းဖြစ်ပါကြောင်း၊  မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတကာ၊ အာဆီယံနှင့် ဒေသတွင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံနေရသည့်အတွက် နိုင်ငံတကာနှင့် ပြည်တွင်းဉပဒေ၊ နည်းဉပဒေ၊ သဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရေးကိစ္စရပ်များကို သိရှိနားလည်ရန်အထူးလိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှစ်နိုင်ငံသဘောတူစာချုပ်များ(Bilateral Agreements)၊ နားလည်မှုစာချွန်လွှာ (MoU) နှင့် နိုင်ငံများအကြား ချုပ်ဆိုသောစာချုပ်များ (Multilateral Agreements) တို့ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်  နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာနများ အကြား သဘောတူစာချုပ်များနှင့် စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးချုပ်ဆိုသည့် စာချုပ်များအပေါ် သဘောထားမှတ်ချက် စိစစ်ပြန်ကြားပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာချုပ်များလက်မှတ် ရေးထိုးခြင်းမပြုမီ ဉပဒေရေးထုံးနှင့်အညီ စာချုပ်ပါအချက်အလက်များ ပြည့်စုံမှုရှိစေရေး၊ စကားလုံးအသုံးအနှုန်းများနှင့် အရေးအသားများ မှန်ကန်မှုရှိစေရေး စိစစ်ရန် အလွန်အရေးကြီး ပါကြောင်း၊ စာချုပ်ချုပ်ဆိုရာ၌  နှုတ်တစ်ရာစာတစ်လုံးဖြစ်သည့်အတွက် အမှားအယွင်းများ မရှိစေရေး သတိပြုဆောင်ရွက်ရသည့်အပြင် စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် ဉပဒေရေးရာ အငြင်းပွားမှုများမဖြစ်ပေါ်စေရေးအတွက် စာချုပ်ပါအချက်အလက်များအပေါ် အထူးဂရုပြု ၍ စနစ်တကျအသေးစိတ် ညှိနှိုင်းစိစစ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ တက်ရောက်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့ဆွေးနွေးမျှဝေမည့် “အပြည်ပြည်ဆိုင်ရာဉပဒေရေးရာကိစ္စရပ်များ” ခေါင်းစဉ်ပါ အကြောင်းအရာကို  သေသေချာချာ စေ့စေ့စပ်စပ်လေ့လာ၍ ဆွေးနွေးမေးမြန်းသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးသက်တင်လင်း က “ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း / အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။