၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၃/ ၂၀၂၃) သင်တန်းဆင်းပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြှင့်တင်ရေးနှင့် နိုင်ငံတော်၏ မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် ရှေ့ဆက်လက် ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်နိုင်ရန် ရည်ရွယ်ပြီး ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ် ၅ ရပ် နှင့်  ဦးတည်ချက် ၉  ရပ်တို့တွင် ပါဝင်သော  စီးပွားရေး ဦးတည်ချက်များကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ရန် တာဝန်ရှိပါကြောင်း၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးပွားအောင် တာဝန်ယူဆောင်ရွက်နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်ပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းနယ်ပယ်ကို နားလည် တတ်ကျွမ်းရန်နှင့်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပဒေကို ကာကွယ်စောင့်ရှောက်ပြီး ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာ ကြရန် တာဝန်ရှိပါကြောင်း၊ သင်တန်းမှပို့ချပေးသော အတွေ့အကြုံ၊ ဗဟုသုတ များကို  စနစ်တကျ မှတ်သားပြီး လက်တွေ့ နယ်ပယ်တွင် အသုံးချတတ်ရန်၊ ပေးအပ်သော တာဝန်များကို ကျွမ်းကျင်မှု ရှိစွာ ဖြင့် သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင်မြင်အောင် စနစ်တကျ၊ စည်းကမ်း ကျနစွာ ဆောင်ရွက် နိုင်ရန်၊ မိမိနိုင်ငံ၊ မိမိအစိုးရ ၊ မိမိလူမျိုးနှင့် မိမိတို့ဝန်ကြီးဌာနအပေါ် သစ္စာစောင့်သိသော ဝန်ထမ်းများ ဖြစ်ကြရန်နှင့် နိုင်ငံ့တာဝန်များကို အမှားအယွင်းမရှိ စနစ်တကျဖြင့် ရိုးသားစွာ ထမ်းဆောင်ပြီး စွမ်းဆောင်ရည် ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသည့် သင်တန်းသားများနှင့် Group Presentation အကောင်းဆုံးရရှိသည့် သင်တန်းသားများ အား ဆုများ ချီးမြှင့်ပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်များက သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဉီးက သင်တန်း မှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။

အဆိုပါ သင်တန်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် စီမံခန့်ခွဲမှုသဘော တရားများ (Management) ကောင်းမွန်သော စီမံအုပ်ချုပ်မှု (Good Governance) ၊ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဉပဒေ (Myanmar Companies Law) ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၆ (Myanmar Investment Law) ၊ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် သီအိုရီများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ၊ သံတမန်ရေးရာအခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ စာရင်းစစ်ဆေးခြင်းနှင့် အစစ်ဆေးခံရန်ပြင်ဆင်ခြင်းများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ ၊ ရုံးလုပ်ငန်းလက်စွဲ စသည့် ဘာသာရပ်များကို  သင်ကြားပို့ချပေးခဲ့ပြီး အဆိုပါ သင်တန်းသို့ လူကိုယ်တိုင် တက်ရောက်သော အရာထမ်း/ အမှုထမ်း ၃၀ ဦး နှင့် Online မှ တက်ရောက်သူ  ၂၅ ဦး၊  စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

အခမ်းအနားသို့ အဆင့်မြင့်အရာရှိများ၊ သင်တန်းသားများ Online အပါအဝင် စုစုပေါင်း အင်အား   ၁၀၀ ကျော် တက်ရောက်ကြပါသည်။

အဆိုပါ ဝန်ကြီးဌာနတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၃/၂၀၂၃) အထိ  အရာထမ်း/ အမှုထမ်းပေါင်း ၁၉၅ ဦး  သင်တန်းပို့ချပြီးဖြစ်ကြောင်းနှင့် သင်တန်း အမှတ်စဉ်  (/ ၂၀၂၃) ကို စက်တင်ဘာလတွင် ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။