၀န်ကြီးဌာနသတင်းများ

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေး ဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၀)ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊    အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး လိုက်ပါ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဦးစားပေးလုပ်ငန်းစဉ်များဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Dian Triansyah Djani နှင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်း ဦးဆောင် အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစား သံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့် ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေး၏ အစီရင်ခံစာနှင့် ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြပါသည်။ ထို့နောက် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန်မျှော်မှန်းချက် စာတမ်းမူကြမ်းတွင် သက်ဆိုင်ရာ မဏ္ဍိုင်များဖြစ်ကြသည့် စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-EI)၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် (Committee for the ASEAN Socio-Cultural Community-SOCA) နှင့် အာဆီယံပေါင်းစည်းဆက်သွယ်မှုဆိုင်ရာ ညှိနှိုင်းရေးကော်မတီ (ASEAN Connectivity Coordinating Committee- ACCC) များမှ ပေးပို့လာသည့် သဘောထား အကြံပြုချက်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်စာတမ်းအား အပြီးသတ်ရေးဆွဲခဲ့ကြပါသည်။ အဆိုပါ မျှော်မှန်းချက် စာတမ်းအား “အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅” ဟု အမည်ဖြင့်သတ်မှတ် အဆိုပြု ရန် သဘောတူညီခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အာဆီယံမျှော်မှန်းချက်စာတမ်း ၂၀၄၅ မူကြမ်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များဘက်မှ သဘောထားအကြံပြုချက်များကို ဦးဆောင်ပေါင်းစည်းပေးသည့်အတွက် ပူးတွဲဥက္ကဋ္ဌ များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအား ကျေးဇူးတင်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် အလွန် အာဆီယံ မျှော်မှန်းချက်တွင် အာဆီယံအသိုက်အဝန်းသည် အဖွဲ့ဝင်နိုင်ငံများအကြားသော် လည်းကောင်း၊ အာဆီယံနှင့် အခြားသောကမ္ဘာ့ နိုင်ငံများ အကြားသော်လည်းကောင်း၊ ဖွံ့ဖြိုးမှု ကွာဟချက် လျော့ကျရေးသည် အလွန်အရေးပါ ပါကြောင်း၊ သို့ဖြစ်ရာ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး အစီအစဉ်များသည် ဦးစားပေး အဖြစ် ဆက်လက်ထားရှိသင့်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းပေါင်းစပ်မှုများသည် သင့်တော်မျှတပြီး၊ ခိုင်မာ၍ အပြန်အလှန် အကျိုးကျေးဇူး ရှိစေမည့် စီးပွားဆက်သွယ်ရေးဖြစ်စေရန် အာဆီယံအချက်အခြာကျမှု ( ASEAN Centrality) ကို အခြေပြုဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းစသည်ဖြင့် အလေးထား ဆွေးနွေးခဲ့ပါသည်။

အဆိုပါ တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူ့ဗဟိုပြုအာဆီယံ ဆောင်ပုဒ်ဖြင့် ၂၀၄၅ အာဆီယံ မျှော်မှန်းချက် စာတမ်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ပြုလုပ်မည့် (၃၄)ကြိမ် မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးတွင် အတည်ပြုချက်ရယူကာ (၄၃)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြ၍ မှတ်တမ်းတင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ  ၂၈  ရက်