၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၇) ဆွေးနွေးပွဲအဖြစ်“ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များအတွက် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး အစီအစဉ်သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများမျှဝေခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက  အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနတွင်း အသိ ပညာမျှဝေ ဆွေးနွေးခြင်း အစီအစဉ် သောကြာနေ့စကားဝိုင်း (Friday Talk)  ကို အပတ်စဉ် ဆောင်ရွက်ခဲ့သည်မှာ အမှတ်စဉ်(၂၇) သို့ ရောက်ရှိလာခဲ့ပြီဖြစ်၍ အချိန်ကာလအနေဖြင့် ၆ လ ကျော်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ အရာထမ်း/ အမှုထမ်းအားလုံးကို ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဆိုင်ရာ  သိသင့် သိထိုက် သိရှိရမည့်  ဘာသာရပ် ဆိုင်ရာ အခြေခံအကြောင်းအရာခေါင်းစဉ်များအား စနစ်တကျ ရွေးချယ်၍ အပတ်စဉ် ဆွေးနွေး မျှဝေပေးနေခြင်းဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးတင်ပြမည့် အကြောင်းအရာ ခေါင်းစဉ်ပါ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation- (BIMSTEC) သည် တိုးတက်ပြောင်းလဲလာသော စီးပွားရေးနှင့် နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လိုက်လျောညီထွေ ဖြစ်စေရန် အဆင့်ဆင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သော ဒေသတွင်း အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်မှုပြုနိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် စီးပွားရေးနှင့်စပ်လျဉ်းသည့် အဖွဲ့အစည်းများ ဖွဲ့စည်းခဲ့ကြကြောင်း၊ အဆိုပါ အဖွဲ့အစည်းများကို နိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွား ဖော် ဆောင်ရာ၌ အခြေခံ လိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေး  အဆင်ပြေလာစေရေး ၊ စီးပွားရေး တိုးတက်ကောင်းမွန်လာစေရေး၊ ရင်းနှီးမြှုပ်နှံမှုများပြားလာစေရေး၊ နိုင်ငံခြားစီးပွား ဆက်ဆံ ရေးနှင့် မိတ်ဆွေနိုင်ငံများ တိုးပွားလာစေရေးအတွက် တည်ထောင်ကြခြင်းဖြစ်ကြောင်း၊ ၎င်းအဖွဲ့ အစည်းများတွင် ပါဝင်ပူးပေါင်းခြင်းဖြင့် နိုင်ငံ့ စီးပွားတိုးတက်စေရေးအတွက် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းမှုများကို ပိုမို ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အကြောင်း အရာများကို သိရှိနားလည်နိုင်စေရေးအတွက် စနစ်တကျ ပါဝင်ဆွေးနွေးသွားစေလိုပါ ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးမြတ်သန္တာက “ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအတွက် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး အစီအစဉ်သို့ တက်ရောက်ခဲ့ သည့် အတွေ့အကြုံများ မျှဝေခြင်းခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်း ဆွေးနွေးခြင်း၊ ဖြည့်စွက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။