၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Academy for International Business Officials (AIBO) တို့ပူးပေါင်း၍ အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (ACFTA) သဘောတူညီချက်၏ ပင်ရင်းဒေသစည်းမျဉ်းများ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ  ရုံးအမှတ် (၁)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်တွင် ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာဝါဝါမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အာဆီယံ - တရုတ် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်အရ ပြင်ဆင်ထားသော စည်းမျဉ်းများကို မိတ် ဆက်ရန်၊ ဌာနဆိုင်ရာ အရာထမ်းများ၏ ဘာသာရပ်ဆိုင်ရာ အသိပညာတိုးတက်စေရန်၊ သီးသန့် ကုန်စည်စည်းမျဉ်းများနှင့် ပင်ရင်းသက်သေခံ လက်မှတ်ပုံစံများ၊ လုပ်ငန်းဆောင်ရွက်မှု အသိ အမှတ်ပြုလုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံ၊ ပင်ရင်းနိုင်ငံစည်းမျဉ်းများနှင့်ပတ်သက်သော လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်တတ်စေရန်နှင့် နားလည်သဘောပေါက်စေရန်၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားက်သွယ်ရေးဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်း‌‌ဆောင် ရွက်မှုများတွင် တာဝန်ခံညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးပွဲကို မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Academy for International Business Officials (AIBO) ၏ ဒုတိယဥက္ကဋ္ဌ Mr. Lei Hao မှ မိတ်ဆက်အမှာစကားပြောကြားပြီး ရန်ကုန်မြို့ရှိ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူး Mr. Ouyang Daobing မှ အဖွင့်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်းများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် AIBO တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ သင်တန်းသားကိုယ်စားလှယ် ၃၅ ဦး ပါဝင်တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ တကာမှ ကိုယ်စားလှယ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ဖိတ်ခေါ်၍  အရည်အသွေးမြှင့်တင် ရေးဆိုင်ရာ ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ့ ဝန်ထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ် ၄၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။