၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဆောင်ရွက်ချက်များကို  အများပြည်သူများထံသို့ မှန်ကန်ထိရောက်သော အချက်အလက်များဖြင့် ပေးပို့နိုင်ရေးနှင့်  ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သတင်း၊ မှတ်တမ်း တင်ပြချက် စွမ်းဆောင်ရည်များ တိုးတက် စေရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာနတွင်း သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေး သင်တန်းဆင်းပွဲကို ယနေ့ညနေပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊  ရုံးအမှတ် (၁) ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

               ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနရှိ ဝန်ထမ်း များ၏ သတင်း၊ မှတ်တမ်းတင်ပြချက် စွမ်းဆောင်ရည်များ တိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ် ခြင်းဖြစ်ပါကြောင်း၊  သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သော ဘာသာရပ်များမှာ သတင်း၏ အနက်အဓိပ္ပါယ်များ၊ သတင်းတစ်ပုဒ်တည်ဆောက်ပုံ၊ အများပြည်သူသို့ သတင်းရေးသား ထုတ်ပြန်ချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည့် အချက်အလက်များ၊ သတင်း တစ်ပုဒ် အတွက် လိုအပ်သော သတင်းအချက်အလက်များ၊ ဓာတ်ပုံရိုက်ကူးရေးနှင့် စပ်လျဉ်း၍ ဓာတ်ပုံအယူ အဆ၊ အလင်းပေးမှု၊ ကြည်လင်ပြတ်သားမှု ၊ သတင်းဓာတ်ပုံ ရိုက်ကူးခြင်း နှင့်စပ်လျဉ်း၍ သိသင့် သိထိုက်သော အကြောင်းအရာများဖြစ်သဖြင့် အလွန်ပင် အသုံးဝင်သော သင်တန်း ဖြစ်ပြီး သင်တန်းသားများအတွက် များစွာအကျိုးရှိပါကြောင်း၊ သင်တန်းသည် အချိန်ကာလအနေဖြင့် ၅ ရက်သာ ဖြစ်သော်လည်း သင်တန်းသားများအတွက် လုပ်ဆောင်နိုင်မှုစွမ်းရည် (Capacity) နှင့် လုပ်ဆောင်နိုင်မှု (Capability) များ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ စာတွေ့ သင်ကြားပေး သည့်အပြင် သတင်းရယူခြင်းနှင့် outdoor ဓာတ်ပုံ ရိုက်ကူးခြင်းများကို သင်တန်းသားများ အတွက် လက်တွေ့ လေ့ကျင့်ခြင်းများ ပြုလုပ်ပေးခဲ့သဖြင့် ထိရောက်မှု ရှိပါကြောင်း၊ စိတ်ရှည် စွာဖြင့် စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသော ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို ရေးသား/ ရိုက်ကူးရာတွင် သင်ကြားပို့ချသည့် ပညာရပ်များကို စနစ်တကျ အသုံးပြုလက်တွေ့ဆောင်ရွက်သွားရန် လိုအပ်ကြောင်း‌ ပြောကြားခဲ့ပါသည်။

               သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လက်ထောက်အတွင်းဝန်များ၊  ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/ သားများ အွန်လိုင်း အပါအဝင်  စုစုပေါင်း အင်အား  ၁၀၀ ကျော် တက်ရောက်ကြပါသည်။

အဆိုပါ ဝန်ကြီးဌာနတွင်း သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေး သင်တန်းတွင် အရာထမ်း/ အမှုထမ်းပေါင်း ၁၅  ဦးတို့  သင်တန်းတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။