၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၁) ဆွေးနွေးပွဲအဖြစ် “လျှပ်စစ်သုံးမော်တော်ယာဉ် (Electric Vehicle - EV) အကြောင်းလေ့လာခြင်း” ခေါင်းစဉ်ဖြင့် ယနေ့ နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ကိုယ်စားရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က တက်ရောက် အမှာ စကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး  ကောင်စီအစိုးရလက်ထက်မှစတင်၍ လျှပ်စစ်သုံးမော်တော်ယာဉ် (Electric Vehicle-EV) ကို ခေတ်နှင့်လျော်ညီစွာ  အသုံးပြုနိုင်ရေး၊ လောင်စာဆီအသုံးပြုမှု လျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့နည်းစေရေးနှင့် နိုင်ငံအတွင်း၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်‌စေရေးအတွက် မူဝါဒများနှင့် ရည်မှန်းချက်များ ချမှတ်ကာ စတင်ဆောင်ရွက် လျက်ရှိပါကြောင်း၊   မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများဖွံ့ဖြိုတိုးတက်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ အသီးသီး တွင် အဖွဲ့ဝင်အဖြစ်  ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ EV လျှပ်စစ်သုံး  မော်တော်ယာဉ်များ အသုံးပြုမှုကို ၂၀၂၅ ခုနှစ်တွင် မှတ်ပုံတင်အစီးရေ၏ ၁၄ % ၊ ၂၀၃၀ ပြည့်နှစ်တွင် မှတ်ပုံတင် အစီးရေ၏ ၃၂ % ၊ ၂၀၄၀ ပြည့်နှစ်တွင် မှတ်ပုံတင်အစီးရေ၏ ၆၇ % နှင့် ၂၀၅၀ ပြည့်နှစ်တွင် EV လျှပ်စစ်သုံး မော်တော်ယာဉ်များကို  ရာနှုန်းပြည့် တိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံတော်မှ မျှော်မှန်းချက် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းမျှော်မှန်းချက်များ ပြည့်မီစေရေး အတွက် မိမိတို့ဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင်  EV လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်း အသုံးပြုနိုင်ရေးနှင့် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်မည့် အစီအမံများချမှတ်သည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ EV လျှပ်စစ်သုံး မော်တော်ယာဉ်များကို အသုံးပြုခြင်းဖြင့် လေထုညစ်ညမ်းမှုနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထွက်သော မော်တော်ယာဉ်သုံးစွဲမှု လျှော့နည်းလာမည်ဖြစ်ပါ ကြောင်း၊  လက်ရှိတွင် EV လျှပ်စစ်သုံး မော်တော်ယာဉ် အသုံးပြုရာတွင် လျှပ်စစ်အားသွင်းမှုနှင့် ဘက်ထရီဈေးနှုန်းကြီးမြင့်မှု အခက်အခဲများရှိသော်လည်း နိုင်ငံတော်မှ ကာလတို၊ ကာလလတ် နှင့် ကာလရှည် မူဝါဒများချမှတ်၍ အချိန်ကာလတစ်ခု၌ အများပြည်သူများ ပိုမိုအသုံးပြုလာ စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တင်ပြဆွေးနွေးမည့် သင်ခန်းစာမှ EV လျှပ်စစ်သုံး မော်တော်ယာဉ်၏ အားသာချက်/ အားနည်းချက်များကို လေ့လာသိရှိနိုင်မည်ဖြစ်သဖြင့်  တက်ရောက်လာကြသော အရာထမ်း/ အမှုထမ်းများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်းသွားစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းထွေး က “လျှပ်စစ်သုံးမော်တော်ယာဉ် (Electric Vehicle-EV) အကြောင်းလေ့လာခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက် ဆွေးနွေးခြင်း များ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များနှင့်  အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများ မှ Online ဖြင့် တက်ရောက်သူများအပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀၀ ကျော် တက်ရောက်ကြပါသည်။