၀န်ကြီးဌာနသတင်းများ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပခဲ့ပါသည်။

 အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြ သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ချေးငွေအရင်းပြန်လည် ကောက်ခံရေး လုပ်ငန်းစဉ်များကို တိုင်းဒေသကြီး/ ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေ ကျပ် ဘီလီယံ ၅၀ ပြန်လည် ပေးဆပ်ပြီးစီးမှု အခြေအနေ၊         လုပ်ငန်းများထံမှ အရင်းပြန်လည် ကောက်ခံရရှိငွေများအား အထွေထွေပိုလျှံ ရန်ပုံငွေသို့ အရစ်ကျ ဆက်လက်ပေးဆပ်သွားမည့် အခြေအနေ၊          ချေးငွေသက်တမ်း ၃ နှစ်ပြည့် မြောက်ပြီးသည့် လုပ်ငန်းရှင်များမှ ချေးငွေ ပြန်လည် ပေးဆပ်မှုအခြေအနေနှင့် နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည် ပေးဆပ်ရမည့်ကာလအား ချေးငွေသက်တမ်း စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် ၁ နှစ် ထပ်မံတိုးမြှင့်ပေးမည့် အခြေအနေတို့အား ဆွေးနွေး ခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများမှ အတိုးအရင်း ကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုမှု အခြေအနေများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတက်ရောက်လာကြသူများက ကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည်ကောက်ခံရေး အစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။