၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၆) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင်  ယနေ့ ကျင်းပသည့် အပတ်စဉ် အသိပညာမျှဝေဆွေးနွေးခြင်း အစီအစဉ် (Friday Talk) အမှတ်စဉ် (၃၆) ၌ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊  ညွှန်ကြားရေးမှူး က “ မကွေးတိုင်းဒေသကြီး စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာအပေါ် လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးတင်ပြမည်ဖြစ် ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အပတ်စဉ် အသိပညာမျှဝေ ဆွေးနွေးပွဲ၌ စီးပွားရေးဆိုင်ရာ သီအိုရီ ၊ နိုင်ငံတကာနှင့် ဆက်စပ်မှုရှိသော အထွေထွေ ဗဟုသုတဆိုင်ရာ အကြောင်းအရာများ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ဆက်စပ်မှုရှိသည့်   အကြောင်းအရာများကို တင်ပြဆွေးနွေးပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၅ ခုတို့ဖြင့် ဖွဲ့စည်းထားသောပြည်ထောင်စုဖြစ်သည့်အတွက်  တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် သဘာဝသယံဇာတ အကျိုးကျေးဇူးများ၊ ဒေသ၏ တည်နေရာနှင့် ဆက်စပ်လျက်ရှိသည့်  လမ်းပန်းဆက်သွယ်ရေး အကျိုးကျေးဇူးများ၊ အပူပိုင်းဒေသ Dry Farming မှ ဆည်များတည်ဆောက်ကာ လယ်ယာစိုက်ပျိုးလာနိုင်သည့် အကျိုးကျေးဇူးများနှင့် ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှိကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission- MIC) ရှိသကဲ့သို့   တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို ဖွဲ့စည်းထားရှိပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို စည်းမျဉ်းစည်းကမ်းဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုနိုင်ရေးအတွက် ဆုံးဖြတ်ပိုင်ခွင့် ပေးအပ်ထားပါကြောင်း၊ ယနေ့မျှဝေ ဆွေးနွေးမည့်ခေါင်းစဉ်အရ မကွေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ အခြေခံအဆောက်အအုံနှင့် ကုမ္ပဏီများအကြောင်းကို သိရှိနားလည် လာမည်ဖြစ်ကြောင်း၊ ထို့ပြင် လာမည့် အပတ်စဉ်များ၌လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုစီအလိုက် အသိပညာဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမြေပုံကြီးကို ထင်ထင်ရှားရှား ပိုမိုသိမြင်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးအနေဖြင့်လည်း ရင်းနှီး မြှုပ်နှံမှုများပြုလုပ်နိုင်မည့် ဒေသများကို ပို၍ ထင်ထင် ရှားရှားသိရှိ ရရှိလာမည့် စာရင်းဇယားများဖြစ်သည့်အတွက် အင်မတန်မှ အကျိုးရှိမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ဒေသ၏ အရေးပါသည့် ဦးစားပေးရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို စနစ်တကျ အသိပညာမျှဝေ ဆွေးနွေးပေးစေလိုပါ ကြောင်းနှင့်  တက်ရောက် လာကြသည့် ဝန်ထမ်းများအနေဖြင့် စိတ်ပါဝင်စားစွာ ဝိုင်းဝန်း ဆွေးနွေးသွားကြရန် မှာကြားလို ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထိန်လင်း အေး က “မကွေးတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးမှု အလားအလာအပေါ် လေ့လာတင်ပြခြင်း ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ဖြည့်စွက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနတို့မှ  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများအပါအဝင် စုစုပေါင်းဝန်ထမ်း အင်အား ၁၀ ကျော် တက်ရောက်ကြပါ သည်။