၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၉) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊              ရုံးအမှတ်(၁)၌ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

     ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးတင်ပြမည့်အကြောင်းအရာပါ          ကမ္ဘာ့ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs) အား မိမိတို့ဝန်ထမ်းများ သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေနှင့်  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်မပေါ်ပေါက်မီက ဆင်းရဲမှုလျှော့ချရေး အတွက် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (Millennium Development Goals- MDGs) ကို ၂၀၀၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၅ နှစ်တာ အကောင်အထည်ဖော် ကျင့်သုံးခဲ့ပါကြောင်း၊ ယင်းနောက် ၂၀၁၆ ခုနှစ်မှစတင်၍ ကမ္ဘာ့နိုင်ငံများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ (Sustainable Development Goals-SDGs) ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြရာ ဖွံ့ဖြိုးဆဲနိုင်ငံ အသီးသီးမှလည်း မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံဖွံ့ဖြိုးရေး အစီအစဉ်များ (National Development Agenda)  ကို 2030 Agenda နှင့်ကိုက်ညီအောင် ဦးစားပေး ကဏ္ဍ များအလိုက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စီးပွားရေးပွင့်လန်းလာစေရေး၊ အလုပ်အကိုင် ဖန်တီးပေးနိုင်ရေးနှင့် Eco-Friendly Business များပေါ်ပေါက်လာစေရေး ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ ဝန်ကြီးဌာန၏မူဝါဒ၊ နှစ်စဉ်များ လုပ်ငန်းစဉ် များကိုလည်း နိုင်ငံဖွံ့ဖြိုးရေးနှင့် စီးပွားရေးမူဝါဒအစီအစဉ်များ နှင့်ကိုက်ညီမှုရှိစေရန် ချိတ်ဆက် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ယနေ့ဆွေးနွေးမည့် ခေါင်းစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ၂၀၃၀ Global Agenda အရ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့များနှင့်မြို့နယ်များအထိ လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုများအား  လေ့လာသိရှိခွင့်ရနိုင် မည်ဖြစ်သော ကြောင့် တက်ရောက်လာကြသော အရာထမ်း/ အမှုထမ်းများအနေဖြင့် တက်တက်ကြွကြွဖြင့် ပါဝင်ဆွေးနွေးပေးရန် ဖိတ်ခေါ် လိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူစိုးက“ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ အစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မြို့များနှင့်မြို့နယ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတက်ရောက်ခဲ့မှုအပေါ် အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အသေး စိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွေ့အကြုံနှင့် ခေတ်မီ AI နည်းပညာများကို ပြည်နယ် မြို့များအထိ ကျယ်ပြန့်စွာ အသုံးပြုနေသည့်အခြေအနေများကို  ဖြည့်စွက်မျှဝေ ဆွေးနွေး ခဲ့ကြပါသည်။

              အခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်း ဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။