၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၀) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

     ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ KSP အစီအစဉ်တွင် “ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြစ်ပြီး ရှမ်းပြည်နယ်သည် နယ်မြေဧရိယာကျယ်ဝန်းပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာရှိသည့်အပြင် ပြည်တွင်း သာမက အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်၍ နယ်စပ်ကုန်သွယ်ရေးကိုပါ ဆောင်ရွက်နိုင်သည့် အရေးပါသော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သဖြင့် နိုင်ငံ၏အစိတ်အပိုင်းများဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘက်ညီမျှတသော ဖွံ့ဖြိုးတိုးတက်မှု (Balanced and Equitable Growth) ဖြစ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဘက်ညီမျှတသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန်အတွက်  ဗဟိုချုပ်ကိုင်မှုကို လျှော့ချ၍ လုပ်ပိုင်ခွင့်များ ခွဲဝေပေးခြင်းဖြင့် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပိုမိုအားကောင်းလာစေနိုင်သည်ကို နိုင်ငံများ၏ အတွေ့အကြုံအရ လေ့လာသိရှိနိုင်ပါကြောင်း၊  ယနေ့ဆွေးနွေးမည့် ခေါင်းစဉ်အရ  ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ လျှပ်စစ် ကဏ္ဍနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း စသည့် ထုတ်လုပ်မှုလုပ်ငန်းများစွာရှိသဖြင့်  နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အားကိုးအားထားပြုရသော ပြည်နယ်ဖြစ်သည်ကို သိရှိ နားလည်လာမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခြေ အနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်နိုင်သည့်ကဏ္ဍနှင့် အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေး ပေးမည်ဖြစ်သဖြင့်  တက်ရောက်လာကြသော အရာထမ်းနှင့် အမှုထမ်းများအနေဖြင့် သိရှိလို သည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမေးမြန်းသွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလေးနိုင်က “ ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု   အခြေအနေနှင့် အခွင့်အလမ်းများ ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက ရှမ်းပြည်နယ်၏ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးနှင့် စပ်လျဉ်းသည့်  အားသာချက်၊ အားနည်းချက်အပါအဝင် SWOT Analysis ကိုလည်းကောင်း၊  ရှမ်းပြည်နယ်ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍လည်းကောင်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။

            အခမ်းအနားသို့ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။