၀န်ကြီးဌာနသတင်းများ

           (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးကို  မြန်မာ နိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က သဘာပတိအဖြစ် ဦးဆောင်၍ နေပြည်တော်ရှိ Grand Amara Hotel ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအစည်းအဝေးကို အလွတ်သဘောအစည်းအဝေးနှင့် မျက်နှာစုံညီအစည်းအဝေးဟူ၍ အပိုင်း ၂ ပိုင်းဖြင့် ကျင်းပခဲ့ပါသည်။ အလွတ်သဘောအစည်းအဝေး၌ ဂျီအမ်အက်စ်ဒေသခွဲ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုမဟာဗျူဟာရေးဆွဲရေးနှင့် ဒေသခွဲအတွင်း ဒေသန္တရအစိုးရ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးစသည့် ခေါင်းစဉ် ၂ ခုအပေါ် တက်ရောက်လာကြသည့် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

          ပထမခေါင်းစဉ်ဖြစ်သည့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာ ရေးဆွဲရေး (Preparation of a Innovation Strategy for GMS 2030) နှင့်စပ်လျဉ်း၍ သဘာပတိဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဦးဆောင်ဆွေးနွေးပြီး၊ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များက မဟာဗျူဟာအတွက် လျာထားသည့် ရည်မှန်းချက်များ၊ လုပ်ဆောင်မည့်နယ်ပယ်နှင့် ဦးစားပေးကိစ္စရပ်များစသည်တို့အပေါ် လမ်းညွှန်အကြံပြုမှုများနှင့် ဂျီအမ်အက်စ်မဟာဗျူဟာအနေဖြင့် နိုင်ငံအလိုက် ဆောင်ရွက်နေသည့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အချက်များကို ဆွေးနွေး ကြပါသည်။

          ဆက်လက်ပြီး ဒုတိယခေါင်းစဉ်ဖြစ်သည့် ဂျီအမ်အက်စ်ဒေသခွဲအတွင်း ဒေသန္တရအစိုးရ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေး (Strengthening the Engagement of the Local Government in GMS) နှင့်စပ်လျဉ်း၍ သဘာပတိဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါခေါင်းစဉ်နှင့် စပ်လျဉ်း၍ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် ခေါင်းဆောင်များက အမြင်ချင်းဖလှယ်ဆွေးနွေးကြရာတွင် ဂျီအမ်အက်စ်အစီအစဉ်ကို Local Government များအပါအဝင် အခြားပါဝင်ဆက်နွယ်သူများ (Stakeholders) အားလုံးပါဝင်သော ပွင့်လင်းသည့်ပုံစံ (Inclusive and Open Platform) အဖြစ်ဖော်ဆောင်ရေးနှင့်  ပိုမိုတက်ကြွသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရေးအတွက် ဂျီအမ်အက်စ်အစီအစဉ်အောက်တွင် လက်ရှိ ဒေသန္တရအစိုးရ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများကို အကဲဖြတ်သုံးသပ်ခြင်းဖြင့် ပိုမိုအားကောင်း ခိုင်မာစေမည့်နည်းလမ်းများ ရှာဖွေ‌ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

          ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံစသည့် မဟာမဲခေါင်ဒေသခွဲ နိုင်ငံ ၆ နိုင်ငံပါဝင်သော ဂျီအမ်အက်စ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများသည် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ခရီးသွားလာရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစသည့်ကဏ္ဍများတွင် မဟာဗျူဟာများရေးဆွဲ၍ အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ဂျီအမ်အက်စ် အစီအစဉ်အရ အဖွဲ့ဝင်နိုင်ငံများသည် ထိပ်သီးအစည်းအဝေး၊ ဝန်ကြီးများ အစည်းအဝေး၊ ဂျီအမ်အက်စ် စီးပွားရေးစင်္ကြံများဖိုရမ်နှင့်  အဆင့်မြင့်အရာရှိများအစည်းအဝေးတို့ကို နိုင်ငံအမည်အက္ခရာစဉ်အရ အိမ်ရှင်အဖြစ် အလှည့်ကျ လက်ခံကျင်းပကြသည်ဖြစ်ရာ ယခု ၂၀၂၃ ခုနှစ် တွင် (၂၆) ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အလှည့်ကျ အိမ်ရှင် အဖြစ် တာဝန်ယူကျင်းပခြင်း ဖြစ်ပါသည်။

        ဂျီအမ်အက်စ်အစီအစဉ်သည် ဆယ်စုနှစ် ၃ ခုကျော် ကာလတိုင်အောင် ပေါင်းစည်း လုပ်ဆောင်မှုများဖြင့် လက်တွဲဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများ၏ အားကောင်းခိုင်မာပြီး စည်းလုံး ညီညွတ်မှုအင်အားတို့ကို ရည်ညွှန်းဖော်ဆောင်သည့်အနေဖြင့် ယခုနှစ်အစည်းအဝေးကို အနာဂတ် ကာလတွင် မျှဝေခံစားမှုနှင့်အတူ ခံနိုင်ရည်ရှိသော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဖြစ်ပေါ်ရေးအတွက် ခိုင်မာပြီး စည်းလုံးညီညွတ်သည့် မဲခေါင်ဒေသခွဲအသိုက်အဝန်းတစ်ရပ်တည်ဆောက်ခြင်း  (Building a Strong and Cohesive GMS Community with a Shared Future towards Resilient Economic Development) ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် သဘာပတိဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အခြား ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။

          အဆိုပါအစည်းအဝေးတွင် ဂျီအမ်အက်စ်အစီအစဉ်၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ယခုကျင်းပသည့် ဝန်ကြီးများအစည်းအဝေး၌ အတည်ပြုရန်နှင့် မှတ်တမ်းတင်ရန် ရှိသည့် အကြောင်းအရာများပါဝင်သည့် အဆင့်မြင့်အရာရှိများအစည်းအဝေးအစီရင်ခံစာကို မဟာမဲခေါင် ဒေသခွဲအဆင့်မြင့်အရာရှိများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ညှိနှိုင်းရေးမှူးဖြစ်သူ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က ဝန်ကြီးများနှင့် နိုင်ငံ ကိုယ်စားပြုကိုယ်စားလှယ်ခေါင်းဆောင်များထံ ဖတ်ကြားတင်ပြခြင်း၊ ဂျီအမ်အက်စ်စီးပွားရေးကောင်စီ များအနေဖြင့် ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများ၏ တိုးတက်မှုအခြေအနေနှင့် လက်ရှိဆောင်ရွက်မှု များပါဝင်သည့် အစည်းအဝေးအစီရင်ခံစာကို ဂျီအမ်အက်စ်စီးပွားရေးကောင်စီ သဘာပတိက ဝန်ကြီးများနှင့် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များထံ ဖတ်ကြားတင်ပြခြင်းတို့ကို အသီးသီး ဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဂျီအမ်အက်စ်ဝန်ကြီး/ ဒုတိယဝန်ကြီးများ နှင့် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များက  ဂျီအမ်အက်စ်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုမဟာဗျူဟာ ရေးဆွဲရေးဆိုင်ရာ သဘောတရားစာတမ်း (Concept note on the GMS Innovation Strategy for Development) ကို အတည်ပြုခဲ့ကြပြီး၊ ဒေသခွဲအတွင်း ဒစ်ဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေး တိုးမြှင့်ဆောင်ရွက်ခြင်းဆိုင်ရာ လေ့လာချက် (Scoping Study on Enhancing Digitalization in the GMS) ဂျီအမ်အက်စ်အစီအစဉ်တွင် ပုဂ္ဂလိကကဏ္ဍ နှင့် ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးဆိုင်ရာလေ့လာချက် (Ongoing Study to Enhance the Role of Private Sector in the GMS Program) နှင့် ဂျီအမ်အက်စ်ဒေသခွဲတွင် ဒေသန္တရအစိုးရ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းခိုင်မာရေးဆိုင်ရာ လေ့လာချက် (Ongoing Study to Strengthen Local Governments’ Engagement in the GMS Program) တို့ကို အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြပါသည်။

            အစည်းအဝေးအတွင်း ဂျီအမ်အက်စ်ဝန်ကြီးများ ပူးတွဲကြေညာချက် (Joint Ministerial Statement) အပေါ် အပြီးသတ်ဆွေးနွေး၍ အတည်ပြုခဲ့ကြပါသည်။       

          အစည်းအဝေးအပြီးတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များအား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှအစီအစဉ်များဖြင့် ဖျော်ဖြေ ဧည့်ခံခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

          ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် နေပြည်တော်တွင် မာရဝိဇယ ဘုရားသို့ သွားရောက်ဖူးမြော်ခြင်း၊ ကျောက်မျက်ပြတိုက်သို့ သွားရောက်လေ့လာခြင်း၊ ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော်နှင့် ဗိုလ်တထောင်ဘုရားတို့သို့ သွားရောက်ဖူးမြော်ခြင်းတို့ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

          (၂၆)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများမျက်နှာစုံညီအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Nut Unvoanra ဦးဆောင်ပြီး အဖွဲ့ဝင် ၃ ဦး၊ တရုတ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mr. Lu Jin ဦးဆောင်ပြီး အဖွဲ့ဝင် ၇ ဦး၊ လာအိုနိုင်ငံ၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mme. Phonevanh Outhavong ဦးဆောင်ပြီး အဖွဲ့ဝင် ၄ ဦး၊ ထိုင်းနိုင်ငံ၊ အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကောင်စီရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Wanchat Suwankitti ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦး၊ ဗီယက်နမ်နိုင်ငံမှ၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mr. Tran Quoc Phuong ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ဦး ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့များ၊ မဲခေါင်သိပ္ပံ အမှုဆောင်ညွှန်ကြားရေးမှူး ဉီးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း (၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

           အဆိုပါ (၂၆)ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများအစည်းအဝေးကျင်းပရေးနှင့်စပ်လျဉ်းသည့် အဆင့်မြင့်အရာရှိများညှိနှိုင်းအစည်းအဝေးများကိုလည်း ၂၀၂၃ ခုနှစ်၊ ဧပြီလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးလျက် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပါသည်။

          မြန်မာနိုင်ငံသည် ဂျီအမ်အက်စ်အစီအစဉ်နှင့်စပ်လျဉ်း၍ ၂၀၁၁ ခုနှစ်တွင် စတုတ္ထအကြိမ် ဂျီအမ်အက်စ်ထိပ်သီးအစည်းအဝေး၊ ၂၀၁၂ ခုနှစ်တွင် စတုတ္ထအကြိမ် ဂျီအမ်အက်စ်စီးပွားရေးစင်္ကြံ များဖိုရမ်၊ ၂၀၁၅ ခုနှစ်တွင် (၂၀) ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများအစည်းအဝေးနှင့် ၂၀၁၈ ခုနှစ်တွင် (၁၀) ကြိမ်မြောက် ဂျီအမ်အက်စ်စီးပွားရေးစင်္ကြံများဖိုရမ်တို့ကို အိမ်ရှင်အဖြစ် အသီးသီး လက်ခံကျင်းပခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် (၆)ကြိမ်မြောက် ဂျီအမ်အက်စ် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် နိုဝင်ဘာလတွင် (၅၂) ကြိမ်မြောက် ခရီးသွား လုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သိရသည်။