၀န်ကြီးဌာနသတင်းများ

ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ အချင်းချင်းချိတ်ဆက်ပေးနိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မန္တလေးတိုင်းဒေသကြီး၏ စီးပွားရေး အလားအလာများသိသာပေါ်လွင်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးစသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့် Mandalay International Trade Fair & Investment Forum 2023 ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက Mandalay Convention Center တွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊  မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊  MRCCI ဥက္ကဋ္ဌ ဦးဝင်းဌေး၊  ယူနန်၊ တက်ဟုန်း၊ ဟူနန် ကုန်သည်ကြီးများအသင်းတို့မှ ကိုယ်စားလှယ်များ၊သက်ဆိုင်ရာဌာနများနှင့်အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဧည့်ပရိသတ်များတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးထွန်းအုံတို့နှင့် တာဝန်ရှိသူများက Mandalay International Trade Fair & Investment Forum 2023ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  ပြခန်းများအား လှည့်လည့်ကြည့်ရှုအားပေး ကြသည်။

၎င်းနောက် အခမ်းအနားကို Mandalay Convention Center ခန်းမတွင် ဆက် လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင်  မန္တလေးတိုင်းဒေသကြီးသည် အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်ထားနိုင်ပြီးစက်မှုလုပ်ငန်းများထွန်းကားသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအခြေခံအကြောင်းတရားများနှင့် ပြည့်စုံနေသည့်တိုင်းဒေသကြီးဖြစ် သည်နှင့်အညီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော် က အားပေးလျက်ရှိပါကြောင်း၊  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ထုတ်လုပ်မှုကွင်းဆက်များတွင် ပါဝင်နိုင်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်နိုင်ရန် အလားအလာကောင်းများရှိ ပါကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း  လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ပူးပေါင်းဆောင်ရွက်မှု ကောင်းများ ဖော်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက Mandalay International Trade Fair & Investment Forum 2023 နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၃) ရပ်အနက် တိုးတက်ကောင်းမွန်သည့်စီးပွားရေးမောင်းနှင်အား ကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးသည်လည်း တစ်ချက်အပါအဝင်ဖြစ်ပါကြောင်း၊ ယခုလို နိုင်ငံတကာ ကုန်စည်ပြပွဲများကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းကျင်းပခြင်းကြောင့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံနိုင်ခြင်းနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်း များဖွံ့ဖြိုးလာခြင်းမှတဆင့် ပို့ကုန်ကဏ္ဍတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ် ပါကြောင်း၊ ပြည်တွင်း၌ကျင်းပသည့် နိုင်ငံတကာကုန်စည်ပြပွဲများမှတဆင့် နိုင်ငံတကာတွင်ကျင်းပသည့် ကုန်စည်ပြပွဲများသို့ ပြည်တွင်းကုန်ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များပါဝင်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတစ်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကအခန်းကဏ္ဍက အဓိကပါဝင်နေမှု၊ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများတွင် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ၊ MSMEလုပ်ငန်းများ ရေရှည်ရပ်တည်ရှင်သန်သွား နိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ လည်းကောင်း၊ UMFCCI ဥက္ကဋ္ဌဦးအေးဝင်းက နိုင်ငံအတွင်းရှိ MSMEလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုး တက်ရေး နှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေးအတွက် UMFCCI အသင်းချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် စိန်ခေါ်မှု၊ အခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်း လဲဖန်တီးသွားမှသာ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူဖြစ်လာ မည်တို့ကိုလည်းကောင်း၊MRCCIဥက္ကဋ္ဌ ဦးဝင်းဌေးက ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် MRCCI အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ပြောကြားပြီးနောက် မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။