၀န်ကြီးဌာနသတင်းများ

ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းသားဟောင်းများအသင်းကကြီးမှူးကျင်းပသည့် ရန်ကုန် တက္ကသိုလ်များလှေလှော်အသင်းရာပြည့်အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၌ ကျင်းပရာ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း နာယက ပါမောက္ခဒေါက်တာကံဇော် တက်ရောက်ချီးမြှင့်သည်။

          ဦးစွာ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း ရာပြည့်အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာကံဇော်၊ YUBC အသင်းသားဟောင်းများအသင်းဥက္ကဋ္ဌ ဒေါက်တာ သန်းညွှန့်၊ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းဥက္ကဋ္ဌ ဒေါက်တာ တင်တင်ထွေး၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ကေသွယ်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

          ထို့နောက် ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း ရာပြည့်အထိမ်းအမှတ် YUBC Logo အား ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာကံဇော်၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ် များ၊ အသင်းဥက္ကဋ္ဌနှင့် အသင်းသားဟောင်းကြီးများက  အောင်သပြေခက်ဖြင့် အမွှေးနံ့သာများ ပက်ဖြန်းကာ ရာပြည့်အထိမ်းအမှတ် ကိတ်မုန့်ခွဲ၍ ဂုဏ်ပြုကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာကံဇော်က အဖွင့်အမှာ စကား ပြောကြားရာတွင် ၁၉၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အစဉ်အလာကောင်း သမိုင်း ကောင်းများနှင့် ကျော်စောခဲ့သည့် အသင်းကြီး၏ နှစ် ၁၀၀ ပြည့် အခမ်းအနားကြီး၌ ယခုလို တက်ရောက် ပြောကြားခွင့်ရရှိ၍ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက္ကသိုလ်များ၏ အခန်းကဏ္ဍသည်များစွာ အရေးပါသည့်အတွက် နိုင်ငံတော်၏ ရည်မှန်းချက် တစ်ခုဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်သည့် လူငယ် သီတင်းပတ်များကို နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ တက္ကသိုလ် အသီးသီးမှ ဆောင်ရွက်နေခြင်းသည် လှေလှော်အားကစားအတွက် များစွာ အထောက်အကူ ဖြစ်စေသည်ကို လှေလှော် အားကစားသမားများ သိရှိပြီးဖြစ်ပါကြောင်း၊ YUBC အသင်းကြီး၏ ဆောင်ပုဒ်ဖြစ်သည့် “သေသည့်တိုင်အောင် တက်ကိုဆောင်”Row Till You Are DEAD တက်ညီလက်ညီလှော်ခတ်မည် ဆောင်ပုဒ်နှင့်အညီ ကျောင်းသားမျိုးဆက်တိုင်း ခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ညီ လက်ညီမှုတို့မှ ရှေ့ပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိကာ အောင်ပွဲခံ နိုင်မည်ဆိုသည့် စိတ်ဓာတ်များကို မွေးမြူလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် လှေလှော် အားကစား အောင်မြင်တိုးတက်စေရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် နိုင်ပါစေကြောင်းနှင့် YUBC အသင်းနှစ် ၁၀၀ ပြည့် အခမ်းအနား မှသည် နောင်နှစ်ပေါင်းများစွာတိုင် အသင်းကြီး၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်း၍ မျိုးဆက်သစ်များထံ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုး ကို သယ်ပိုးနိုင်ကြပါစေကြောင်း ပြောကြားသည်။

          ဆက်လက်၍ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းဥက္ကဋ္ဌ ဒေါက်တာ တင်တင်ထွေးက ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် YUBC အသင်း၏ သမိုင်းဝင်ဓာတ်ပုံမှတ်တမ်းများအား လှည့်လည်ကြည့်ရှုကြသည်။

          ယင်းနောက် ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းဝင်များက ပြိုင်ပွဲဝင် လေးယောက် လှော်၊ ရှစ်ယောက်လှော် အမျိုးသား၊ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကြရာ YUBC CENTENARY CUP ဖလားရရှိသော အမျိုးသား/အမျိုးသမီးအသင်းအား ပြည်ထောင်စုဝန်ကြီးမှ လည်းကောင်း၊ ဆုအသီးသီး ရရှိကြသည့် ပြိုင်ပွဲဝင်များအား တက္က္ကသိုလ်ပါမောက္ခချုပ်များက လည်းကောင်း၊ YUBC အသင်း သားဟောင်းများမှ လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက္ကသိုလ်ပါမောက္ခချုပ်များ၊ YUBC အသင်း ဥက္ကဋ္ဌနှင့်အသင်းသူ၊ အသင်းသားများ ပြိုင်ပွဲဝင်အားကစားသမားများစုပေါင်း၍ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးပြီး အသင်း၏အောင်နိုင်ရေးအထိမ်းအမှတ် ကြွေးကြော်သံအား သံပြိုင်ဟစ်ကြွေး၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကာ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၏ နှစ်ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအား ညပိုင်းတွင် ဆက်လက်ကျင်းပသည်။

          ရန်ကုန်တက္ကသိုလ်လှေလှော်အသင်း(YUBC) ၏ နှစ် ၁၀၀ ပြည့် အခမ်းအနားအား တက္ကသိုလ်များလှေလှော်အသင်း၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ချက်များအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ပြန့်စွာသိရှိစေရန်၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များ ပိုမိုချိတ်ဆက်မှုရရှိပြီး လှေလှော်အားကစား ထူးချွန်သူများ စနစ်တကျ မွေးမြူရေးကို ပိုမို အရှိန်မြှင့်ဆောင်ရွက်ရန်၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ YUBC သို့ အသင်းသားအဖြစ်ဝင်ရောက်၍ မြန်မာ့လှေလှော်အားကစားမြှင့်တင်ရေးတွင် ပါဝင်ဆောင်ရွက် လိုစိတ်များ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း ရာပြည့်အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာကံဇော်၊ YUBC အသင်းသားဟောင်းများ အသင်းဥက္ကဋ္ဌ ဒေါက်တာသန်းညွန့်၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်း၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာကေသွယ်လှိုင်၊ ရန်ကုန်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြင့်သိန်း၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းဥက္ကဋ္ဌ ဒေါက်တာ တင်တင်ထွေး၊ အသင်းသူ၊ အသင်းသားများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များဖြင့် အင်အား ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။