ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ မက်ခ်ဆင်း ရယ်ရှဲသငြိ ကော့ဗ်၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် All-Russian Exhibition Center (VDNH – Exhibition of Achievements of National Economy) ၌ ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာ ဖိုရမ်နှင့် ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇန်န ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကော်မရှင်ပူးတွဲဥက္ကဋ္ဌများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှု၊ စွမ်းအင်၊ သတ္တု၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရုရှား-မြန်မာ ကျောင်းများ တည်ထောင်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့သည်။
ထို့နောက် ကော်မရှင်အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပ ရာ မြန်မာဘက်မှ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဘက်မှဥက္ကဋ္ဌ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ မက်ခ်ဆင်း ရယ်ရှဲသငြိကော့ဗ်တို့က အဖွင့်အမှာစကား အသီးသီး ပြောကြား၍ မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ကော်မရှင် အစည်းအဝေးနောက်ပိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် သတ္တု၊ အဏုမြူစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုရေး၊ ရာသီဥတု ပြောင်းလဲမှု၊ ဆောက်လုပ်ရေးနှင့် အခြေခံ အဆောက်အဦ၊ သယ်ယူပို့ဆောင်ရေး၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ၊ ဘဏ်နှင့် ငွေကြေး၊ စက်မှု၊ ခရီးသွားလာရေး၊ ပညာရေး၊ သိပ္ပံနှင့် ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် အားကစားအစရှိသည့် နယ်ပယ်များတွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အိစ်ကန်ဒဲ အာဇီဇော့ဗ် နှင့် ရုရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့က နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီးက ရုရှားနိုင်ငံတကာ ဖိုရမ်နှင့် ကုန်စည်ပြပွဲရှိ “Feel Russia” ခရီးသွားလာရေးပြခန်းသို့ လိုက်လံရှင်းလင်းပြသခဲ့ပြီး နှစ်နိုင်ငံ ခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် စီးပွားရေးဖိုရမ်ကို ဆက်လက်ကျင်းပရာ ကော်မရှင်ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကား အသီးသီးပြောကြား၍ နှစ်နိုင်ငံ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဘဏ္ဍာရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးခေါင်းစဉ် (၃) ခုနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် စီးပွားရေး အခွင့်အလမ်း များ၊ ဥပဒေ၊ နည်းဥပဒေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက ဥရောပအာရှစီးပွားရေးကော်မရှင်၊ ပေါင်းစည်းမှုတိုးတက်ရေးဌာနမှ Ms. Gohar Barseghyan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုးပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များဖြစ်သည့် စက်မှုနှင့် စိုက်ပျိုးရေးအခြေပြု စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကိုဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းနှင့် Gorchakov Fund တို့ ပူးပေါင်းကျင်းပသည့် ရုရှား-အာရှ-ပစိဖိတ်ဒေသ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Polyakov နှင့် တွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီမှ ရုရှားစီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအကြား သီးခြားတွေ့ဆုံ၍ စီးပွားရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုများ (Business Matching) ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများဖြစ်သည့် သဘာဝမြေသြဇာ စက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံနှင့် တိရစ္ဆာန် အစာ ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးကိစ္စရပ်များနှင့် သတ္တုရှာဖွေတူးဖော်ရေး လုပ်ငန်း များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ၏အကြံပေး မစ္စတာ အန်တွန်ကိုဗျာ ကော့ဗ်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် Aquarius နည်းပညာကုမ္ပဏီရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် Aquarius နည်းပညာ ထုတ်ကုန်များ မိတ်ဆက်ရှင်းလင်းပြသပွဲသို့ တက်ရောက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရောက်ရှိနေစဉ်အတွင်း မော်စကိုမြို့၊ ကာလုဂါမြို့နယ်ရှိ ရွှေစည်းခုံစေတီတော်အား သွားရောက်ဖူးမြော်ခဲ့ပြီး မော်စကိုမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့သည်။
အဆိုပါ စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံ တကာဖိုရမ်နှင့် ကုန်စည်ပြပွဲတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ စီးပွားရေးအသင်းအဖွဲ့များနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။