၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၄) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲ စသည် ဖြင့် ဆွေးနွေးမှုများကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ကြပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်နေသည့် အသိပညာမျှဝေဆွေးနွေးပွဲအစီအစဉ် (KSP) သည် အမှတ်စဉ် (၄၄) သို့ ရောက် ရှိလာပြီဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးမည့် အကြောင်းအရာသည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ နယ်စပ်ဖြတ်ကျော်စက်မှု လုပ်ငန်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့ခြင်းမှ လေ့လာသိရှိခဲ့သည့် အသိပညာ အချက်အလက်များကို မျှဝေ ဆွေးနွေး မည်ဖြစ်သဖြင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ကို ဝန်ထမ်းများ သိရှိနားလည်မည်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် (Generalized System of Preference- GSP) ရရှိထားသဖြင့် မြန်မာနိုင်ငံမှ ဥရောပနှင့် အရှေ့အာရှသို့ တင်ပို့သည့်ပို့ကုန်များအပေါ်အခွန်အကောက်ဆိုင်ရာ အထူးအခွင့်အရေး(GSP) ၊ ရရှိထားပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံကို အထူးအခွင့်အရေးပေးနိုင်ငံ (Most Favour Nations- MFN) ကို  ပေးအပ်ထားသဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန် စိတ်ဝင်စားကြပါကြောင်း၊ ယနေ့ဆွေးနွေးတင်ပြမည့် အကြောင်းအရာတွင် RCEP စာချုပ်ဝင် နိုင်ငံများအကြား ပုဂ္ဂလိကစက်မှုလုပ်ငန်းများ (MSMEs) နှင့် ကုန်သည်နှင့်စက်မှု လုပ်ငန်းရှင်များအကြား လွတ်လပ်သော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုဆိုင်ရာ အကြောင်းအရာများ သာမက ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်း၊ ကုမ္ပဏီ ဥပဒေဆိုင်ရာ အကြောင်း အရာများပါဝင်သဖြင့် ဝန်ထမ်း များအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးသွား ကြ စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးပိုက်က တရုတ်နိုင်ငံတွင် သင်တန်း တက်ရောက်ခဲ့သည့် သင်တန်းမှ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့် နယ်စပ်ဖြတ်ကျော် စက်မှုလုပ်ငန်း များ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးခြင်း”ခေါင်းစဉ်ဖြင့်အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများမှ အသိပညာမျှဝေ ဆွေးနွေးမှုမှတစ်ဆင့် မိမိနိုင်ငံအတွက်အကျိုးရှိစေမည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွား နိုင်ရေးကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး များမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။