၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၅) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အပတ်စဉ်သောကြာနေ့တိုင်း ပြုလုပ်သော Knowledge Sharing Programme (KSP) အစီအစဉ်တွင် နိုင်ငံတကာရေးရာ၊  ဒေသတွင်းရေးရာနှင့် ပြည်တွင်းရေးရာများကို အပတ်စဉ် အလှည့်ကျတင်ပြ ဆွေးနွေးလျက်ရှိသဖြင့် မိမိတို့ဝန်ထမ်းများအတွက် ပြည်တွင်းရေးရာ သာမက ကမ္ဘာ့ရေးရာဆိုင်ရာ အကြောင်း အရာများပါ အသိပညာဗဟုသုတများ ရရှိပါကြောင်း၊ ယနေ့ ဆွေးနွေးတင်ပြမည့် အကြောင်းအရာသည် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပုံစံဖြစ် သဖြင့် မိမိတို့ဝန်ထမ်းများအတွက် သိသင့်သိထိုက်သော အကြောင်းအရာဖြစ်ပါကြောင်း၊  မန္တလေး တိုင်းဒေသကြီးသည် စီးပွားရေးအချက်အခြာကျသော နေရာဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်း ကောင်းများစွာရှိသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ်များအနက်  မန္တလေးတိုင်းဒေသကြီးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အဆင့် (၅) နေရာနှင့်   မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင်  အဆင့် (၂) နေရာတို့၌ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အခြေခံ အဆောက်အဦများ များစွာတည်ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သော အခွင့်အလမ်းများ များစွာရှိပါကြောင်း၊  တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ ဦးဆောင်သောစီးပွားရေးပုံစံ၊ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် သော စီးပွားရေးပုံစံ (PPP) နှင့်  ပုဂ္ဂလိက ဦးဆောင်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပုံစံတို့ဖြင့် ဆောင်ရွက်ရပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သော အကြောင်းအရာများဖြစ်သောကြောင့်  စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အမ်စောမ်ခေါန်က နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ၏ အရေးပါမှုများ၊ ပုဂ္ဂလိက ကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပုဂ္ဂလိက ကဏ္ဍတိုးတက်ရေးအတွက် အစိုးရမှ အားပေးဆောင်ရွက်နေမှု များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ 

ထို့နောက် ဒုတိယဝန်ကြီးက တစ်ကမ္ဘာလုံးတွင် အသုံးများသည့် စီးပွားရေးပုံစံဖြစ်သော  (Public Private Partnership - PPP) နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာ သော ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။  

ဆက်လက်၍ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျင်းပပြုလုပ်သော တိုင်းရင်းသားရိုးရာ အစားအစာ ပွဲတော်တွင် ဌာနအလိုက်ခင်းကျင်းထားသော  တိုင်းရင်းသားရိုးရာ အစားအစာမဏ္ဍပ်များကို လှည့်လှည်ကြည့်ရှုပြီး ဝန်ထမ်းများနှင့်အတူ စည်းလုံးပျော်ရွှင်စွာဖြင့်  လက်ရည်တစ်ပြေတည်း ရိုးရာအစားအစာများကို ပျော်ရွှင်စွာသုံးဆောင်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ အပါအဝင် အရာထမ်း/ အမှုထမ်းအင်အား ၃၀၀ ကျော် ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။