၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၇) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အပတ်စဉ်ပြုလုပ်နေသော သောကြာနေ့စကားဝိုင်း၌ ဆွေးနွေးသည့်ခေါင်းစဉ် အကြောင်းအရာများသည် အကြောင်းအရာ၏ အခြေခံဇစ်မြစ်ကို သိရှိနိုင်စေရန်၊ ခြုံငုံသုံးသပ်နိုင်ရန်နှင့် အသိပညာဗဟုသုတ တိုးမြှင့်ရရှိ စေရန်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးမည့် အကြောင်းအရာဖြစ်သော “အနာဂတ် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် စဉ်းစားရမည့် ဒိုင်ယာစပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခေါင်းစဉ်” သည် မိမိတို့ဝန်ထမ်းများအတွက် သိသင့်သိထိုက်သည် သာမက မိမိတို့ဝန်ကြီးဌာ၏ လုပ်ငန်းတာဝန် နှင့် သက်ဆိုင်သည့် အကြောင်းအရာဖြစ်ပါကြောင်း၊ ဒိုင်ယာစပိုရာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ မူရင်းနိုင်ငံ၏ ပြည်ပနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်သူများ က စုဆောင်းရရှိခဲ့သော ငွေကြေးပစ္စည်းများကို   မိခင်နိုင်ငံတွင် ပြန်လည် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါ ကြောင်း၊ မိခင်နိုင်ငံ/ မူရင်းနေရာတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရာ၌ အိမ်၊ ခြံ၊ မြေ၊ စက်မှု လုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အစုရှယ်လုပ်ငန်းနှင့် ရွေ့ပြောင်းသယ်ယူနိုင်သော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြခြင်း ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် စနစ်တကျဖြင့် စိတ်ပါဝင်စားစွာ  ပါဝင်ဆွေးနွေးသွားကြစေလိုပါ ကြောင်း တိုက်တွန်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင် က အနာဂတ် မြန်မာ့ စီးပွာရေးဖွံ့ဖြိုးမှုအတွက် စဉ်းစားရမည့် ဒိုင်ယာစပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြောင်း အရာနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဒိုင်ယာစပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများက အရာထမ်း/ အမှုထမ်းများမှ Online ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။