၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေခွဲဝေချထားမှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လျာထားချက်များအကောင်အထည်ဖော်မှု၊ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေခွဲဝေချထားမှုအပေါ် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းစဉ်ဖြစ်သော ရင်းနှီးမြှုပ်နှံမှု လျာထားချက်အပေါ်  လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စီးပွားရေး ဦးတည်ချက် ၃ ရပ် ချမှတ်၍ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံစေရေးအတွက် လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်မှုမှသည် အထွေထွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  ကျေးလက်ဒေသများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး ပို့ကုန်တိုးမြှင့်ရေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် အရေးပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မှသာ တိုင်းပြည် ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) မှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်း     ရင်းနှီးမြှုပ်နှံမှုကို အဓိကထား၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခန့်မှန်းချက်များကို အခြေခံကျကျ မှန်ကန်စွာ တွက်ချက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်တွင်း လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးတက်ရန် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဆန်းစစ်ချက် (Domestic Investment Survey) များ ဆောင်ရွက်မည်ဖြစ်ကြောင်း၊  ပုဂ္ဂလိကကဏ္ဍတိုးတက်ရေးအတွက် စွန့်ဦး တီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူများအတွက် Start up Centre ကို တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် အလိုအလျောက်နှင့် ဆွဲဆောင်ရင်းနှီးမြှုပ်နှံမှုပုံစံမှ တစ်ဆင့် ပုဂ္ဂလိက ကဏ္ဍနှင့် ချိတ်ဆက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ ပီပြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စာရင်းဇယားများ တိကျ မှန်ကန်စေရန် လိုအပ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးအတွက် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၏ အခန်းကဏ္ဍသည်လည်း အဓိကကျပါကြောင်း၊ ကမ္ဘာတွင်ပြောင်းလဲနေသော ရင်းနှီးမြှုပ်နှံ မှုပုံစံနှင့် စီးပွားရေးအုပ်စုများ  ပြောင်းလဲလာမှုကို အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့် လေ့လာရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်တွေ့ ဆောင်ရွက်နိုင်မည့် အခြေအနေများကိုမြေပြင်အခြေအနေအတိုင်းတင်ပြကြရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ကဏ္ဍအလိုက် နိုင်ငံခြားနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လျာထားချက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နိုင်ငံခြားနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လျာထားချက်၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အသုံးစရိတ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး နှင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် မိတ်ဖက်နိုင်ငံများနှင့် တိုးမြှင့်ဆက်ဆံနိုင်ရေးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည့် အလားအလာတို့ကို သိရှိထားရန်နှင့် မိမိတို့၏ လုပ်ငန်း နယ်ပယ်နှင့်စပ်လျဉ်း၍အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ် - ၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ချေးထားရှိမှုနှင့် ပြန်လည်ကောက်ခံရရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။     

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှတိုင်းနှင့် ပြည်နယ်ဦးစီးမှူးများက ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကျင်းပပေးနိုင်မှု အခြေအနေများ၊ လျာထား နှင့် ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ရင်းနှီးမြှုပ်နှံမှု လျာထားချက်အပေါ် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု လျာထားချက်အပေါ် ဆောင်ရွက်မည့် အခြေအနေများ၊ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များနှင့် ကဏ္ဍများအပေါ် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ချေးငွေနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ၂၀၂၅ - ၂၀၂၆  ဘဏ္ဍာနှစ် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

အစည်းအဝေးကို  ၂၀၂၄ ခုနှစ် ၊ မေလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။