၀န်ကြီးဌာနသတင်းများ

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင်(၅)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် တစ်ဆက်တစ်စပ် တည်းကျင်းပသော အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား ပြုလုပ်သည့် စီးပွားရေးဝန်ကြီးများအစည်းအဝေးများသို့ မြန်မာ နိုင်ငံ၏ အာဆီယံ စီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် အကြိမ် (၂၀) မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အီးယူ ကုန်သွယ်ရေးကော်မရှင်နာ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ-အီးယူ စီးပွားရေး ကောင်စီက တင်ပြသည့် ဆောင်ရွက်မှုများနှင့် အကြံပြုချက်များ၊ အာဆီယံနှင့် အီးယူတို့အကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့်  အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအစီအစဉ် (၂၀၂၄-၂၀၂၅) အကောင် အထည်ဖော်မှုများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၁၃) ကြိမ် မြောက် အာဆီယံ-ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး၊ အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးများက  အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးလမ်းပြမြေပုံကိုအကောင်အထည်ဖော်လျက်ရှိသည့်လုပ်ငန်းအစီအစဉ်၂၀၂၁-၂၀၂၅ ၏ ဆောင်ရွက်မှုများနှင့် အာဆီယံနှင့် ယူရေးရှား စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တတိယအကြိမ်မြောက် အာဆီယံ-ဆွစ်ဇာလန် စီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။အဆိုပါအစည်းအဝေးတွင်ဝန်ကြီးများက အာဆီယံ-ဥရောပလွတ်လပ်သောကုန်သွယ်မှုအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲ ကြေညာချက်ကို အတည်ပြုခဲ့ပြီး၊ အာဆီယံ-ဆွစ်ဇာလန် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး ၂၀၂၂-၂၀၂၆ အစီအစဉ် အကောင်အထည်ဖော်မှုများအပေါ်ညှိနှိုင်းဆွေးနွေးခဲ့သည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်(၄)ကြိမ်မြောက်အာဆီယံ-ယူကေစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။အစည်းအဝေးတွင်အာဆီယံနှင့် ဗြိတိန်နိုင်ငံတို့အကြား ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ မှတ်တမ်းတင်ခဲ့ပြီး၊ အာဆီယံ-ဗြိတိန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ အကောင်အထည်ဖော်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပသည့် () ကြိမ်မြောက် အာဆီယံ-ဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်၍ အခြားစီးပွားရေးဝန်ကြီးများနှင့်အတူ အာဆီယံ - ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်၏ လုပ်ငန်းအစီအစဉ်နှင့် အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအရ ပံ့ပိုးပေးလျက်ရှိသည့် စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ်များ အပေါ်  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနှင့် အမေရိကန်စီးပွားရေး ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်အစီအစဉ် နှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့အစီအစဉ်၂၀၂၃-၂၀၂၄ ၏ အကောင်အထည်ဖော်မှုများအပေါ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး၊ အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်အစီအစဉ်  နှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့အစီအစဉ် ၂၀၂၄ -၂၀၂၅ ကိုအတည်ပြုခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်(၁၃) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးများက  ကနေဒါ - အာဆီယံ စီးပွားရေးကောင်စီက တင်ပြသည့် အာဆီယံနှင့် ကနေဒါ အကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် အာဆီယံနိုင်ငံများသို့ စီးပွားရေးအဖွဲ့များ သွားရောက်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-ကနေဒါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးတွဲကြေညာချက်ကိုအကောင်အထည်ဖော်သည့် လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်ညှိနှိုင်းမှုများအတွက်နည်းပညာပံ့ပိုးမှုအစီအစဉ်များနှင့်အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းမှု အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်(၂၁)ကြိမ်မြောက် အာဆီယံ-အိန္ဒိယစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး၊   အာဆီယံ-အိန္ဒိယ စီးပွားရေးကောင်စီက တင်ပြမည့် ကိစ္စရပ်များနှင့် အကြံပြုချက်များ၊ အာဆီယံ- အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ပြန်လည်သုံးသပ်မည့်အစီအစဉ်များအပေါ်  အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။

စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည် (၂၉) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊နယူးဇီလန်စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် အာဆီယံ-သြစတြေးလျ စီးပွားရေး ကောင်စီနှင့်  အာဆီယံ-နယူးဇီလန် စီးပွားရေးကောင်စီတို့၏ အာဆီယံ-ဩစတြေးလျ၊နယူးဇီလန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှု ဆိုင်ရာစီးပွားရေးအမြင်များကို မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် ဝန်ကြီးများက အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ် အသက် ဝင်ရေးဆောင်ရွက်မှုများ၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင် အထည်ဖော်ခြင်းဆိုင်ရာ အထောက်အကူပြုအစီအစဉ် အကောင်အထည်ဖော်မှုနှင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် ပေါင်းစည်းရေးဖိုရမ် ၂၀၂၄ ၏ ရလဒ္ များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အကြိမ် (၃၀) မြောက် အာဆီယံ-ဂျပန် စီးပွားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ-ဂျပန် ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အကောင်အထည် ဖော်မှုများ အာဆီယံ-ဂျပန် တီထွင်ဆန်းသစ်မှုနှင့် ရေရှည်တည်တံ့သော စီးပွားရေးမိတ်ဖက် ထူထောင်ရေးဆိုင်ရာ အနာဂတ်လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၃၃  အကောင်အထည်ဖော်မှုများနှင့် ဂျပန်နိုင်ငံ၏ အာဆီယံဆိုင်ရာ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ  တင်ပြသည့် အကြံပြုချက်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၁၂) ကြိမ်မြောက် အရှေ့ အာရှ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး စိန်ခေါ်မှုများ၏ အကျိုးသက်ရောက်မှုများကို လျော့ပါးစေရန် အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် နံနက်ပိုင်းတွင် (၂၃) ကြိမ် မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင်ဝန်ကြီးများက အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ် (၃.၀) အဆင့်မြှင့်တင်ခြင်းညှိနှိုင်းမှု၊ အာဆီယံ-တရုတ် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးဆိုင်ရာလုပ်ငန်းအစီအစဉ် နှင့် အာဆီယံ-တရုတ် အီလက်ထရောနစ် စနစ်ဖြင့်ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကနဦးအကောင် အထည်ဖော်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၂၁)ကြိမ်မြောက် အာဆီယံ-ကိုရီးယားစီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။  အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအရ အဆင့်မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် အာဆီယံ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၂၇) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး (တရုတ်၊ ဂျပန်၊ ကိုရီးယား) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဝန်ကြီးများက အရှေ့အာရှစီးပွားရေးကောင်စီမှ တင်ပြသည့်ကိစ္စရပ်များနှင့် အကြံပြုချက်များ၊  အာဆီယံအပေါင်းသုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄  အကောင်အထည်ဖော်မှုနှင့် အာဆီယံအပေါင်းသုံး နိုင်ငံများရှိ စက်မှုနှင့်ထုတ်လုပ်မှု ကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုများကို မှတ်တမ်းတင်ခဲ့ပြီး၊ အာဆီယံအပေါင်းသုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် ၂၀၂၅-၂၀၂၆ အတည်ပြုခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တတိယအကြိမ် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP( ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။  အစည်းအဝေးတွင် ဝန်ကြီးများက ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ များကို ဖလှယ်ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အထောက် အကူပြုယူနစ်ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင်ဖွဲ့စည်းရေးကိစ္စရပ်များကိုဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးများတွင် လာအိုနိုင်ငံ၊  စက်မှုနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Malaithong Kommasith က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ ဩစတြေးလျ၊ နယူးဇီလန် ၊ တရုတ် ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား ၊ ဟောင်ကောင် (တရုတ်) ၊ ကနေဒါ၊ ရုရှား ၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်တို့မှ စီးပွားရေးဝန်ကြီးများ၊ အီးယူကုန်သွယ်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ စီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လာအိုနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်ကိုအာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးH.E. Mr. Vladimir Ilichev နှင့်လည်း ကောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Piyush Goyal တို့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့သည့်(၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ ညနေပိုင်းတွင် လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့သည်

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။