၀န်ကြီးဌာနသတင်းများ

၂၀၂၄ ခုနှစ်၊  အောက်တိုဘာလ (၂၈)ရက်နေ့မှ နိုဝင်ဘာလ (၂)ရက်နေ့အထိ

ဗီယက်နမ်နိုင်ငံ၊ ဟွိုင်အန်းမြို့

 

ဗီယက်နမ်နိုင်ငံ၊ ဟွိုင်အန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇) ကြိမ်မြောက်အစည်းအဝေးနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ခံကျင်းပသည့် အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံ (၂၀၂၅) အား ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံမျှော်မှန်းချက် (၂၀၄၅) ဆိုင်ရာ ဒေသတွင်း ဆွေးနွေးပွဲ တို့သို့ မြန်မာ နိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ အရာထမ်း (၂) ဦး တက်ရောက် ခဲ့ပါသည်။ ယင်းအစည်းအဝေးနှင့် ဆက်စပ်၍ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့် စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဆွေးနွေးရန် ကျန်ရှိနေသည့်  နယ်ပယ်များကို ဆက်လက်ညှိနှိုင်း ဆွေးနွေးခဲ့ရာ ၉၂.၉ ရာခိုင်နှုန်းအထိ ပြီးစီးခဲ့ပါသည်။

အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇) ကြိမ်မြောက်အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် Mr. Chatoulong Bouasisavath နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်းရေးဆွဲရေး ဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် Mr. Dato Zainuddin Yahya တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

 

အစည်းအဝေးအတွင်း အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များသည် ဗီယက်နမ် မဟာဗျူဟာလေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစင်တာနှင့် အာဆီယံသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု ညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာနမှ ကိုယ်စား လှယ်များနှင့် မျက်နှာစုံညီဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကိုယ်စားလှယ်များက ၎င်းတို့ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်များ အာဆီယံအသိုက်အဝန်း (၂၀၄၅) အား ရေးဆွဲအကောင်အထည် ဖော်ရာတွင် ပံ့ပိုးဆောင်ရွက်နိုင်သည့် ကိစ္စရပ်များနှင့် အကြံပြုချက်များကို တင်ပြခဲ့ကြပါသည်။ သက်ဆိုင်ရာကိုယ်စားလှယ်များ တင်ပြအကြံပြုချက်များနှင့် ဆွေးနွေးမှုများအပေါ်  အဆင့်မြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

 

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံ (၂၀၂၅) အား ပြန်လည်သုံးသပ် ခြင်းနှင့် အာဆီယံမျှော်မှန်းချက် (၂၀၄၅) ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ ဆွေးနွေးပွဲ တွင် အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေး၊ စီးပွားရေးလူမှု-ယဉ်ကျေးမှု၊ ဒေသတွင်း ဆက်သွယ် ရေးဆိုင်ရာ မဟာဗျူဟာများနှင့် အာဆီယံပေါင်းစည်းရေး ကနဦးအစီအစဉ်တို့၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) နှင့် မဟာဗျူဟာစီမံချက်များ ရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ကဏ္ဍစုံပါဝင်နေသည့်ကိစ္စရပ်များအပေါ် မဏ္ဍိုင် (၃) ခုအောက်ရှိ ကဏ္ဍအလိုက်အဖွဲ့အစည်းများ အကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် တက်ရောက်လာသူများနှင့် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီးက (၁၇) ကြိမ်မြောက် အစည်းအဝေးနှင့် ဒေသတွင်းဆွေးနွေးပွဲတို့၌ အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ (၂၀၂၅) အား အကောင်အထည်ဖော်လျက်ရှိသည့် အာဆီယံမဏ္ဍိုင်(၃)ရပ်၏ လမ်းပြမြေပုံအသီးသီးမှာ ပျှမ်းမျှ ၉၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးသည်ကို သိရှိရသဖြင့် ကျေနပ်အားရမိကြောင်း၊ အဆိုပါ လမ်းပြမြေပုံများတွင် ထည့်သွင်းရေးဆွဲခဲ့သည့် ဦးစားပေးအစီအစဉ်များနှင့် လုပ်ငန်းစီမံချက် များ၏ အကောင်အထည်ဖော်မှုနှင့် ပြီးစီးမှုကို တိုင်းတာရာတွင် အရေအတွက်အားဖြင့်သာမက အရည်အသွေးအားဖြင့်လည်း သုံးသပ်ရန်လိုအပ်ကြောင်း၊ ယင်းစီမံကိန်းများကို အရေအတွက် ပြည့်မီစေရန်သာ အပေါ်ယံ၌ အကောင်အထည်ဖော်ခြင်းမျိုးမဖြစ်စေဘဲ အာဆီယံနိုင်ငံများ၌ မှီတင်းနေထိုင်ကြသော အလွှာအသီးသီးရှိ သာမန်ပြည်သူများအတွက်လည်း အမှန်တကယ် အကျိုးဖြစ်ထွန်းစေသည့် စီမံကိန်းများအဖြစ် ဖော်ဆောင်ရန် အရေးကြီးကြောင်း၊ သို့မှသာ အာဆီယံခေါင်းဆောင်များ ချမှတ်ထားသည့် “ပြည်သူဗဟိုပြုအာဆီယံ” ရည်မှန်းချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ အာဆီယံအသိုက်အဝန်း (၂၀၄၅) ၏ မဟာဗျူဟာစီမံကိန်းများအား အကောင်အထည်ဖော်သည့်အခါ အာဆီယံနိုင်ငံအသီးသီး၌ရှိသော အမျိုးသားစီမံကိန်းများနှင့် ဦးစားပေးအစီအစဉ်များအား ဒေသဆိုင်ရာ လုပ်ငန်းစီမံချက်များနှင့် ဟန်ချက်ညီညီ ချိတ်ဆက်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ စီမံကိန်းများတွင် အာဆီယံနိုင်ငံအားလုံး တန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရေးနှင့် ခွဲခြားမှုမရှိစေရေးမှာလည်း အလွန်အရေးကြီးကြောင်း၊ အာဆီယံ၏ စီမံကိန်းအများစုမှာ ပြင်ပမိတ်ဖက်နိုင်ငံများ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်မှုများရှိကြောင်း၊ အာဆီယံ၏ စံနှုန်းများဖြစ်သည့် စုစည်းညီညွတ်မှု၊ တန်းတူညီတူရှိမှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် “အာဆီယံဗဟိုကျမှု” ကို အာဆီယံဦးဆောင်သည့် ယန္တရားများတွင်သာမက အာဆီယံအတွင်း၌ပါ ပိုမိုကျစ်လစ်ခိုင်မာစွာ မြှင့်တင်ဖော်ဆောင် သွားရန်လိုအပ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။       အစည်းအဝေး၏ ရလဒ်များအနေဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅)၏ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း မဟာဗျူဟာစီမံချက်အား တတိယအကြိမ် ဖတ်ကြားဆွေးနွေးမှုကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် လာမည့် (၁၈) ကြိမ်မြောက်နှင့် (၁၉) ကြိမ်မြောက် အစည်းအဝေးတို့တွင် အပြီးသတ်ညှိနှိုင်းရေးဆွဲသွားရန်၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) အား အကောင်အထည်ဖော်မည့် အာဆီယံမဏ္ဍိုင် (၃) ရပ်နှင့် အာဆီယံ ပေါင်းစပ်ဆက်သွယ်မှု မဟာဗျူဟာစီမံချက်များကို ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အချိန်မီအတည်ပြုနိုင်ရေးအတွက် ရေးဆွဲဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂ ခုနှစ်၊ နိုဝင်ဘာလ   ရက်