၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၀၉း၀၀ နာရီ အချိန်တွင် ရန်ကုန်မြို့ အင်လျားလမ်းရှိ ရန်ကုန်စီးပွားရေး တက္ကသိုလ်ပရဝုဏ်၌ အဆိုပါတက္ကသိုလ်ထူထောင်ခြင်း နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော် တက်ရောက်၍ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။
မြတ်ဆရာပူဇော်ပွဲ အခမ်းအနားတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် နှစ် (၆၀) ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပဆောင်ရွက်မှုကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဆရာကြီး၊ ဆရာမကြီးများ ၂၅၆ ဦးအနက် ၁၃၄ ဦးက ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး အခြား ဆရာကြီး၊ ဆရာမကြီးများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများ အနက် ဘောဂဗေဒဌာနကိုယ်စားပြုအနေဖြင့် ပါမောက္ခဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပါမောက္ခဒေါက်တာသန်းညွန့်၊ ဥက္ကဋ္ဌ (ငြိမ်း)၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ ပါမောက္ခဒေါက်တာမြတ်သိန်း၊ ပါမောက္ခချုပ် (ငြိမ်း)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့က လည်းကောင်း၊ စာရင်းအင်းပညာဌာန ကိုယ်စားပြုအနေဖြင့် ပါမောက္ခဒေါက်တာသက်လွင်၊ ပါမောက္ခဌာနမှူး(ငြိမ်း)၊ စာရင်းအင်းပညာဌာန၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ပါမောက္ခ ဒေါက်တာခင်စန်းမြင့်၊ ပါမောက္ခဌာနမှူး (ငြိမ်း)၊ စာရင်းအင်းပညာဌာန၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ပါမောက္ခ ဒေါ်ထားထား၊ ပါမောက္ခဌာနမှူး (ငြိမ်း)၊ စာရင်းအင်း ပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့က လည်းကောင်း၊ ဝါဏိဇ္ဇဗေဒဌာနနှင့် စီမံခန့်ခွဲမှု ပညာဌာနတို့မှ ကိုယ်စားပြုအနေဖြင့် ပါမောက္ခ ဒေါက်တာရီရီမြင့်၊ ပါမောက္ခဌာနမှူး (ငြိမ်း)၊ စီမံခန့်ခွဲမှုပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ပါမောက္ခ ဒေါက်တာဒေါ်လှမြင့် ပါမောက္ခ ဌာနမှူး(ငြိမ်း)၊ စီမံခန့်ခွဲမှုပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒေါက်တာအောင်ထွန်းသက်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ကျန်းမာရေးဦးစီးဌာနတို့က ဝမ်းမြောက်ကြောင်း အမှာစကားများ ပြောကြားခဲ့ပါသည်။
မြတ်ဆရာပူဇော်ပွဲ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုုအမှာစကား ပြောကြားရာတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ် (၆၀) ပြည့်အထိ ကာလအတွင်း ဖြတ်သန်းခဲ့သော သမိုင်းမှတ်တိုင်များနှင့် အောင်မြင်မှုများ၊ စီးပွားရေးတက္ကသိုလ်များအားလုံး၏ ဆောင်ပုဒ်ဖြစ်သည့် ဝိရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ နှင့်အညီ လိုက်နာကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ခေတ်အဆက်ဆက် ဦးဆောင်တာဝန်ယူ ဆောင်ရွက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၏ စွမ်းဆောင်ပေးနိုင်ခဲ့မှုများ၊ စီးပွားရေး ပညာရပ်ဖြင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့မှုများ၊ စီးပွားရေး ပညာရပ်များ အဆင့်ဆင့် တိုးတက်မြှင့်တင် ဖွင့်လှစ်ပေးနိုင်ခဲ့မှုများကိုလည်းကောင်း စီးပွားရေးပညာရပ် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင် ပေးနိုင်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံဖြိုးတိုးတက်စေရေးအတွက် ပညာရပ်ကို အမှန်တကယ် နားလည်တတ်ကျွမ်း အသုံးချနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။ မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားအပြီးတွင် နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။
အခမ်းအနားတွင် စီးပွားရေး လုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ ပြခန်းပေါင်း ၈၀ ကျော်ဖြင့် ခင်းကျင်းပြသခဲ့ပါသည်။ ထို့အပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် သာသာရပ်အလိုက် လက်ရှိတက်ရောက်နေသည့် ကျောင်းသူကျောင်းသားများနှင့် ကျောင်းသူ ကျောင်းသားဟောင်းများက စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ နိုင်ငံကျော်တေးသံရှင်များ က ကျောင်းသီချင်းများဖြင့် ဖြေဖျော်ဧည့်ခံခြင်းတို့ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် တက်ရောက်လာသူများက ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရှိရပါသည်။