၀န်ကြီးဌာနသတင်းများ

        မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား “Customs Regulation အကောက်ခွန်စည်းမျဉ်းစည်းကမ်း” ဆိုင်ရာ ပူးတွဲဆွေးနွေးပွဲကို ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများမြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ရန်တို့အတွက် အတွေ့အကြုံများဖလှယ်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် (တနင်္လာနေ့)၊ ၁၂ ၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Videoconference စနစ်ဖြင့် ကျင်းပခဲ့ သည်။

          ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်နှင့် ဥရောပ အာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Eldar Alisherov တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် မျက်မှောက်ခေတ်ကာလတွင် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းစဉ်များ တိုးတက်များပြားလာသောကြောင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး လုပ်ငန်းစဉ်များကို နည်းပညာအသုံးပြု၍ ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ အကောက်ခွန်လုပ်ငန်းစဉ်များအား ခေတ်မီ၍လွယ်ကူချောမွေ့စေရန် ဆောင်ရွက်လျက်ရှိမှု အခြေ အနေနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား အကောက်ခွန်စည်းမျဉ်း စည်းကမ်းများဆိုင်ရာ အတွေ့အကြုံကောင်းများဖလှယ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ဥရောပ အာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Eldar Alisherov က ဥရောပအာရှ စီးပွားရေးသမဂ္ဂအနေဖြင့် ပြည်ပစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြတင်းတစ်ပေါက်စနစ် တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ အဖွဲ့ဝင်များအကြား ညှိနှိုင်းဆောင်ရွက်မှုအခြေအနေနှင့် ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရာတွင် ဥရောပအာရှ စီးပွားရေးကော်မရှင်၏ လုပ်ငန်းအစီအစဉ်များကို ပြောကြားခဲ့သည်။

          ဆက်လက်၍ ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကောက်ခွန်ဥပဒေနှင့် ဥပဒေ စိုးမိုးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Mr. Grigor Ohanyan က “ဥရောပအာရှစီးပွားရေး သမဂ္ဂ၏ တစ်ခုတည်းသော အကောက်ခွန်စည်းမျဉ်းစည်းကမ်းခေါင်းစဉ်” ဖြင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ကျင့်သုံးလျက်ရှိသည့် အကောက်ခွန်စည်းမျဉ်း စည်းကမ်းများနှင့် ပြဋ္ဌာန်းထားသည့် အကောက်ခွန်ဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လင်းမြိုင်က  “မြန်မာနိုင်ငံ၏ အကောက်ခွန်စည်းမျဉ်းစည်းကမ်းစနစ်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ အကောက်ခွန်ဥပဒေများအကောက်ခွန်ဦးစီးဌာနမှ ကောက်ခံပေး လျက်ရှိသော အခွန်အခများအကောက်ခွန်စည်းကြပ်ရာတွင် အဓိကကျသောကဏ္ဍ (၃) ရပ်နှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ရှင်လင်းတင်ပြခဲ့သည်။

          ထို့နောက် ဥရောပအာရှစီးပွားရေးကော်မရှင်ဘက်မှ Mr. Grigor Ohanyan က “ပြည်ပစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ထုံးလုပ်နည်းများတွင် ပြတင်းတစ်ပေါက်စနစ် အသုံးပြုမှု ခေါင်းစဉ်” ဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ ပြတင်းတစ်ပေါက်စနစ်ယန္တရားနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလားအလာများကိုလည်းကောင်း၊ မြန်မာဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းထက်အောင် က မြန်မာ့ကုန်ပစ္စည်းအလိုအလျောက် ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System- MACCS)၊ နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်တို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့သည်။

          ထို့ပြင် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကောက်ခွန်အာဏာပိုင်များနှင့် အကောက်ခွန်ဆိုင်ရာ အခြေခံအဆောက်အအုံ သတင်းအချက်အလက်စနစ်များ ပေါင်းစည်းရေးဌာနမှဌာန မှူး Mr. Vladimir Badeynov က “အကောက်ခွန်ကဏ္ဍတွင် နိုင်ငံအချင်းချင်း အီလက်ထရွန်နစ်သတင်းအချက် အလက်ဖလှယ်ရေး အကောင်အထည်ဖော်မှုဆိုင်ရာ အချက်အလက်ဖလှယ်မှု ခေါင်းစဉ်” ဖြင့်  ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် အသုံးပြုနေသော နည်းလမ်းများ၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူကျော် က အာဆီယံပြတင်းတစ်ပေါက်စနစ်ဆောင်ရွက်မှုများ၊ အာဆီယံနိုင်ငံများ၏ ပြတင်းတစ်ပေါက် စနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ အီလက်ထရွန်နစ်သတင်းအချက်အလက်ဖလှယ်မှုများကို  အပြန်အလှန် ဆွေးနွေးခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဖြေကြားခဲ့သည်။  

          ဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ကိုယ်စားလှယ်စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြ သည်။

          မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား အလားတူဆွေးနွေးပွဲများ ဖြစ်သည့် ငွေကြေးနှင့် ဒီဂျစ်တယ်စီးပွားရေး၊ စက်မှုအခြေပြုစိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။