ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ The Times Group ၏ ဖိတ်ကြားချက်အရ (၉) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ပထမအတွင်းဝန်များဖြစ်ကြသည့် Mr.Amit Shreeansh နှင့် Mr.Ashok Kumar တို့ အပြင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်လည်း ခရီးစဉ်တွင် လိုက်ပါသွားသည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိကျင်းပမည် ဖြစ်ပြီး နိုင်ငံတကာမှ အဆင့်မြင့်အရာရှိကြီးများ၊ မူဝါဒချမှတ်သူများနှင့် စီးပွားရေးကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြမည် ဖြစ်ကြောင်းသတင်းရရှိသည်။