အိန္ဒိယနိုင်ငံ၊ The Times Group ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ကျင်းပသည့်(၉)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို ဆွေးနွေးနိုင်ရန်၊ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာများ ထုတ်ဖော်ရန်၊ နည်းပညာနှင့် ဒီဂျစ်တယ်အသွင် ကူးပြောင်းမှုများကို မြှင့်တင်ရန် စသည့် ရည်ရွယ်ချက်ကောင်းများ ဖြင့် ကျင်းပခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ကမ္ဘာ့စီးပွားရေးအကြပ်အတည်း ကာလအတွင်း ကြံ့ကြံ့ခိုင် ဆောင်ရွက် နိုင်မှုမှစ၍ စက်မှု လုပ်ငန်း ၅.၀ ပေါ်ထွက်လာသည့် အခြေအနေများ၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးမူဝါဒ ပြောင်းလဲမှုများ၊ စွမ်းအင် လုံခြုံရေးနှင့် အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းအခြေအနေများကို နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်များ၊ ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များက ကဏ္ဍအလိုက် တက်ကြွစွာ ဆွေးနွေးပြောကြားခဲ့ကြသည်။
ထိပ်သီးဆွေးနွေးပွဲ၏ ပထမနေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အယ်ဘေးနီးယား နှင့် သီရီလင်္ကာ နိုင်ငံများမှ စီးပွားရေးနှင့် စက်မှုဆိုင်ရာ ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်အတူ “Global Cooperation in a Polarized World” ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်း ဆွေးနွေးပွဲတွင် စကားဝိုင်းဆွေးနွေးသူ Panelist အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းများ၊ ပြောင်းလဲလာနိုင်ချေရှိသည့် စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ရေရှည်တည်တံ့ပြီး ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်ရန် အရေးကြီးသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် ရင်းနှီးမြှုပ်နှံသူများကို အားပေးဖိတ်ခေါ်နေသည့် အခြေအနေများကို အလေးထားပြောကြားခဲ့သည်။
ညပိုင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ နာရင်ဒြာမိုဒီက ၎င်းတို့၏ စီးပွားရေးမဟာဗျူဟာ မျှော်မှန်းချက်များကို ထုတ်ဖော်ပြောကြားသည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ကြသည်။ ထို့နောက် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအတွက် တည်ခင်း ဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့က ထိပ်သီးဆွေးနွေးပွဲ အခမ်း အနား၏ ဒုတိယနေ့ အစီအစဉ်များသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။ နှစ်ရက်တာ ကျင်းပခဲ့သည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံတကာမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ မူဝါဒချမှတ်သူများနှင့် စီးပွားရေး ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း ၂၀၀၀ ကျော် ပါဝင် တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၉) ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင်တို့လည်း ပြန်လည်လိုက်ပါလာခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။