မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်လာစေရန်ရည်ရွယ်၍ ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးကို ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာမက်ဆင်း ရယ်ရှဲသငြိကော့ဗ်တို့ကဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက် ၀၉ ၀၀ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါကော်မရှင်အစည်းအဝေးကို သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် စီးပွားရေးဖိုရမ်တို့ဖြင့် အပိုင်း ၄ ပိုင်းခွဲ၍ ကျင်းပ ပြုလုပ်ခဲ့သည်။
ကော်မရှင်အစည်းအဝေး၏ သီးသန့်အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်တို့က အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ဝန်ကြီးဌာနများ မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဆက်လက်၍ ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ကျင်းပပြုလုပ် ခဲ့ပြီး ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး မစ္စတာ အိစ်ကန်ဒဲ အာဇီဇော့ဖ်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။
မြန်မာဘက်မှ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ပဉ္စမ အကြိမ်ကော်မရှင်အစည်းအဝေးသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ မြန်မာ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆက်ဆံရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် အချိန်မှစပြီး အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံ သူများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးမူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ် ပေးရေးဥပဒေများနှင့် စည်းမျဉ်းစည်းကမ်း ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ - Eurasian Economic Union (EAEU) နှင့် ပူးပေါင်းကာ ဥရောပဈေးကွက်သို့ ဝင်ရောက်နိုင်ပြီး ရုရှားနိုင်ငံ အနေဖြင့်လည်း အာရှဈေးကွက်သို့ ပိုမိုချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာ စေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိကြောင်း၊ ယခုအစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များနှင့် သဘောတူညီချက်များမှတစ်ဆင့် နှစ်နိုင်ငံအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ အားကောင်းလာပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ကာ နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအား ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ရုရှားဘက်မှ ပူးတွဲကော်မရှင် ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး မစ္စတာမက်ဆင်းရယ်ရှဲသငြိကော့ဗ်က အဖွင့်အမှာစကားပြောကြားရာတွင် စတုတ္ထအကြိမ် ကော်မရှင်အစည်းအဝေးကျင်းပပြီးနောက်ပိုင်း ရုရှား-မြန်မာ နှစ်နိုင်ငံအကြား သိသာ ထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသာမက အခြေခံ အဆောက်အအုံစီမံကိန်းများ၊ ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာစီးပွားရေးလုပ်ငန်းများကိုလည်း ရုရှားဈေးကွက်က ကြိုဆိုလျက်ရှိကြောင်း၊ အစည်းအဝေး အပြီးတွင် ကော်မရှင်၏ဆွေးနွေးမှု မှတ်တမ်းအား အတည်ပြုလဲလှယ်မည်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းမှုများအတွက် စည်းမျဉ်းမူဘောင် များ ချမှတ်ကာ လက်တွေ့ကျသည့် လုပ်ငန်းများအား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရုရှား-မြန်မာစီးပွားရေးဖိုရမ်ကိုလည်း ဆက်လက်ကျင်းပကာ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း ဆက်သွယ်မှုကွန်ရက်အား တိုးချဲ့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် က ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှား-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၇ နှစ်ပြည့် မြောက်ခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် နယ်ပယ်စုံပူးပေါင်းမှုများကို ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များ၏ တွေ့ဆုံမှုက ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်စေခဲ့ပြီး လုပ်ငန်းများ ပိုမိုနီးကပ်စွာဆောင်ရွက်နိုင်ရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရန် မျှော်လင့် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ဥရောပ အာရှစီးပွားရေးသမဂ္ဂ တို့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာ-ရုရှား ကုန်သွယ်မှု ပမာဏတိုးမြင့်ရေးအတွက် စွမ်းအင်၊ နျူကလီးယားနယ်ပယ်၊ စိုက်ပျိုးရေးနှင့် သတ္တုကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများကို နှစ်နိုင်ငံ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အစီအစဉ်အရ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ မြန်မာဘက်မှ ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ကလည်းကောင်း၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌနှင့် ရုရှားဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌတို့ကလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့သည်။
ပဉ္စမအကြိမ်ကော်မရှင်အစည်းအဝေးတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှုကို ပံ့ပိုးပေးနိုင်မည့် ဥပဒေမူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဘူမိဗေဒ ဆိုင်ရာ လေ့လာရှာဖွေမှု၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အဏုမြူ စွမ်းအင်အသုံးပြုမှု၊ ပို့ဆောင် ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေး နည်းပညာနှင့် သတင်းမီဒီယာ၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေး၊ စက်မှု၊ ခရီးသွား လုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှုနှင့် အားကစား၊ အလုပ် သမား၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အာကာသ စူးစမ်းရှာဖွေရေးနှင့် အသုံးပြုရေး၊ Circular Economy နှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု နယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များပါဝင်သည့် ဆွေးနွေးမှုမှတ်တမ်းကို ကော်မရှင်ပူးတွဲဥက္ကဋ္ဌများက အတည်ပြုလဲလှယ် ခဲ့ပြီး ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေး ကော်မရှင်အစည်းအဝေးနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့သည်။
မွန်းလွဲပိုင်းတွင် နှစ်နိုင်ငံသဘောတူစာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကို ဆက်လက်ကျင်းပခဲ့ရာ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား စီးပွားရေးဆိုင်ရာ အခြေခံ အဆောက်အအုံ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စာချုပ်စာတမ်း ၉ ခုကို သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး လဲလှယ်ခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေးဖိုရမ်ကို ကော်မရှင်ပူးတွဲဥက္ကဋ္ဌများက ဦးဆောင်ကျင်းပခဲ့ပြီး အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ (၃) ခုကို သတ်မှတ်နေရာများတွင် ကျင်းပရာ စကားဝိုင်း ဆွေးနွေးပွဲ (၁)အဖြစ် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စကားဝိုင်း၊ စကားဝိုင်း ဆွေးနွေးပွဲ (၂)အဖြစ် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ စကားဝိုင်းနှင့် စကားဝိုင်းဆွေးနွေးပွဲ (၃) အဖြစ် အလုပ်သမားကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စကားဝိုင်းကို ဆက်လက်ကျင်းပကြပြီး နှစ်နိုင်ငံအစိုးရဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တက်ကြွစွာပါဝင်ဆွေးနွေးခဲ့သည်။
အဆိုပါ ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး၌ သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်း အဝေး၊ လက်မှတ်ရေးထိုးပွဲအခမ်းအနားနှင့် စီးပွားရေးဖိုရမ်တို့သို့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နှစ်နိုင်ငံကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။