၀န်ကြီးဌာနသတင်းများ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ မက်ဆင်း ရယ်ရှဲသငြိကော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort ဂုဏ်ပြုညစာစားပွဲဖြင့် ကြိုဆိုတည်ခင်းဧည့်ခံခဲ့သည်။

ညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့က ဂုဏ်ပြုတက်ရောက်ခဲ့သည်။

ထို့ပြင် ဝန်ကြီးဌာနအသီးသီးမှ  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာ-ရုရှားချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဋ္ဌ၊ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ အိစ်ကန်ဒဲ အာဇီဇော့ဗ် နှင့်သံရုံးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ အဆင့်မြင့်အရာရှိကြီးများနှင့် နှစ်ဖက် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

အဆိုပါ ညစာစားပွဲတွင် ရုရှား-မြန်မာ အစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး ညစာစားပွဲသို့ တက်ရောက်လာသူများက မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်နိုင်ပြီး အဓွန့်ရှည်တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ကြောင်း  သတင်းရရှိသည်။