၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁)၊ နေပြည်တော်၌ ကျင်းပသည်။

          သင်တန်းဖွင့်ပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံမှာ တရား ဥပဒေစိုးမိုးရေးသည် အလွန်အရေးကြီးကြောင်း၊  ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်သောကြောင့် နိုင်ငံသားတိုင်း သိရှိလိုက်နာ စောင့်ထိန်းရမည့်ပြဋ္ဌာန်းချက်  ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ထမ်းဆောင် ရမည့်လုပ်ငန်းတာဝန်များနှင့် ဆက်စပ်ပြီး ချမှတ်ပြဋ္ဌာန်းထားသည့် ဥပဒေအသိပညာများကို သိရှိရန် လိုအပ်ရုံသာမက ဥပဒေဆိုင်ရာ သဘောတရားများသိရှိနားလည်ပြီး လေးစားလိုက်နာတတ်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ “ဥပဒေကို မသိ၍ ကျူးလွန်ခဲ့သည်” ဟူသော အဖြစ်မျိုး မဖြစ်စေရေးအတွက် နိုင်ငံသားတိုင်း ဥပဒေနှင့်  စပ်လျဉ်းသည့် အသိပညာဗဟုသုတရှိစေရန် လိုအပ်သည့်အတွက် အခြေခံအားဖြင့် သိသင့် သိထိုက်သောဥပဒေများ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို သိရှိစေရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတွင် နိုင်ငံသားတိုင်း၊ နိုင်ငံ့ဝန်ထမ်းတိုင်း သိသင့်သိထိုက်သော ဥပဒေများဖြစ်ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအပြင် မိမိတို့ဝန်ကြီးဌာနလုပ်ငန်းများနှင့် ဆက်နွှယ်နေသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပ‌ဒေ များ၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ အထူးကုမ္ပဏီအက်ဥပဒေ၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေ စသည်တို့ အပါအဝင် ဥပဒေဘာသာရပ် ၂၄ ခုကို အသိပညာပြန့်ပွားစေရေး သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကို ဖေဖော်ဝါရီလ ၂၈ ရက်မှ ဧပြီလ ၈ ရက်အထိ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးအား (In person/ Online) စနစ်ဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။