၀န်ကြီးဌာနသတင်းများ

ယနေ့နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံ စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။ 

အစည်းအဝေးတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံစီးပွားရေးဝန်ကြီးများ၊  အာဆီယံအတွင်းရေးမှူးချုပ် နှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့အပေါ် အကာအကွယ် ပေးနိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ကြေညာခဲ့သည့် အမေရိကန်ပြည်ထောင်စု၏ အပြန် အလှန် အခွန်စည်းကြပ်မှုအစီအစဉ် ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပေါ် ယင်းအခွန် စည်းကြပ်မှုများ၏ အကျိုးသက်ရောက်မှု၊ အာဆီယံ၏ မဟာဗျူဟာများနှင့် စုပေါင်း တုန့်ပြန်မှုများနှင့်အတူ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အာဆီယံ ပထဝီ စီးပွားရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးတို့အပေါ် ဆွေးနွေးကြသည်။ အဆိုပါ လုပ်ငန်း အဖွဲ့သည် ဒေသတွင်း မျှော်မှန်းချက်များကို အကောင်အထည်‌ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို အာဆီယံနိုင်ငံများ၏ စုပေါင်းအားဖြင့် ဖြေရှင်းနိုင်မည့် မဟာဗျူဟာမြောက် နည်းလမ်းများကိုလည်း ဖော်ထုတ်သွားရန် ဖြစ်သည်။ ထို့နောက် အစည်းအဝေးတွင် အာဆီယံစီးပွားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို အတည်ပြုကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ဖြစ်ပွားခဲ့သည့် ပျက်စီးဆုံးရှုံး မှုများအတွက် ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပေးမှု ၊ ကယ်ဆယ်ရေးပစ္စည်း များနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်မှုအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။  ဆက်လက်၍ အာဆီယံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို အကာ အကွယ်ပေးနိုင်မည့် နည်းလမ်းများနှင့် အာဆီယံ-အမေရိကန် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ပြီး အာဆီယံ၏ စည်းလုံးညီညွတ်မှုဖြင့် ဒေသတွင်း၏ အကျိုးစီးပွားကို ကာကွယ်နိုင်ပြီး ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေးအခြေအနေတွင် အခွင့်အလမ်းများ ရယူနိုင်မည် ဖြစ်ကြောင်းလည်း အလေးပေးဆွေးနွေးသည်။  ထို့အပြင် မြန်မာနိုင်ငံမှ ပို့ကုန်များဖြစ်သည့် CMP နှင့် လယ်ယာပို့ကုန်များအပေါ် ထိခိုက်နိုင်မှုနှင့် လုပ်သား၊ အလုပ်အကိုင်များအပေါ် ထိခိုက်နိုင်မှု အနည်းဆုံးဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိများ တက်ရောက်ကြောင်း သတင်းရရှိသည်။