၀န်ကြီးဌာနသတင်းများ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပခဲ့ပါသည်။

 အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ချေးငွေ အတိုး အရင်းမပေးဆပ်သည့် ကုမ္ပဏီ/ လုပ်ငန်းများမှ ငလျင်ဘေးဒဏ် အမှန်တကယ်ထိခိုက်ခံစားခဲ့ရသည့် ကုမ္ပဏီ/ လုပ်ငန်း များအား ချန်လှပ်၍ ကျန်လုပ်ငန်းများအား စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူရန်ကိစ္စ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူ‌ရေးကဏ္ဍနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍတို့ သည် ချေးငွေသက်တမ်းကာလ ပြည့်မြောက်နေပြီဖြစ်သည့်အတွက် ချေးငွေများ  ပြန်လည်ကောက်ခံရန်ကိစ္စ၊ နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေနှင့် အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည် ကောက်ခံရရှိမှုနှင့် ပေးသွင်းပြီးစီးမှုအခြေ အနေ၊ ပေးဆပ်ရန်ကျန်ရှိမှုကိစ္စတို့အား ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူ ထားသည့် ကုမ္ပဏီ/ လုပ်ငန်းများမှ အတိုး အရင်း ကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုအခြေအနေများနှင့် ချေးငွေ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သူများအား စီမံခန့်ခွဲမှုနည်းလမ်းဖြင့် အရေးယူဆောင်ရွက်နိုင်မှု အခြေအနေတို့အား ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက်အစည်းအဝေးတက်ရောက်လာကြသူများက ချေးငွေပြန်လည်ပေးဆပ်မှုမရှိသည့် ကုမ္ပဏီ/ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကော်မတီက စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူ ဆောင်ရွက်        ရမည့်လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည် ကောက်ခံရေးအစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေ အနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။