ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းနှင့် ရုံးလုပ်ငန်းအတတ်ပညာ၊ အစည်းအဝေးမှတ်တမ်းရေးသားခြင်းနှင့် အစီရင်ခံစာ ရေးသားခြင်း သင်တန်းဆင်းပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့် အရာရှိကြီးများ၊ သင်တန်းသား/သင်တန်းသူများနှင့် Online မှ တက်ရောက်သူများ အပါအဝင် စုစုပေါင်း အင်အား ၁၂၀ ကျော် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် ဥပဒေ အသိပညာ ပြန့်ပွားရေး သင်တန်း (၁/၂၀၂၅) နှင့် ရုံးလုပ်ငန်းအတတ်ပညာ၊ အစည်းအဝေးမှတ်တမ်းရေးသားခြင်းနှင့် အစီရင် ခံစာ ရေးသားခြင်းသင်တန်းတို့ကို အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီးဖြစ်၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ ဥပဒေ အသိပညာ ပြန့်ပွားရေးသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံသားအားလုံးနှင့် ဝန်ထမ်းများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို သိရှိနားလည်ရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ဥပဒေများကို သိရှိရုံသာမက လိုက်နာကျင့်သုံးရန်နှင့် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်းနှင့် မိမိတို့ရုံးဌာနရှိ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအတွက် ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာရမည့်အပြင် မိမိတို့ ဝန်ကြီးဌာနနှင့်သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အဂတိတရား ကင်းရှင်းရန် လိုအပ်ပါကြောင်း၊ ထို့အတူ ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တွင် အမှန်တကယ် လိုအပ်သည့် ရုံးလုပ်ငန်း အတတ်ပညာ၊ အစည်းအဝေးမှတ်တမ်း ရေးသားခြင်းနှင့် အစီရင်ခံစာ ရေးသားခြင်းတို့ကိုလည်း လက်တွေ့ကျကျသင်ကြားပို့ချပေးခဲ့ပါကြောင်း၊သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့သော ဥပဒေဆိုင်ရာ အသိပညာများနှင့် ရုံးလုပ်ငန်းဆိုင်ရာ အတတ် ပညာများကို အကျိုးရှိရှိအသုံးချရန်လိုအပ်ကြောင်း၊ ထူးချွန်ထက်မြက်၍ စည်းကမ်း လိုက်နာသော နိုင်ငံ့သားကောင်းများနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများကို နိုင်ငံတော်မှလိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ကဏ္ဍအသီးသီးမှ ပံ့ပိုးပေးနိုင်သော နိုင်ငံ့သားကောင်းများ၊ နိုင်ငံ့ ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် Group Presentation ပထမဆုရရှိ သည့် အဖွဲ့ကိုယ်စား သင်တန်းသူတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ပြီး သင်တန်းသားများကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးက Group Presentation ဒုတိယဆုနှင့် တတိယဆု ရရှိသည့် အဖွဲ့များကိုယ်စား သင်တန်းသားတစ်ဦးစီအား ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းအလိုက် သင်တန်းသားများကိုယ်စား သင်တန်းသား နှစ်ဦးက သင်တန်းမှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ် ပို့ချပေးခြင်းအတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းသို့ သင်တန်းသား/သူ၄၀ ဦးနှင့်ရုံးလုပ်ငန်း အတတ်ပညာ၊ အစည်းအဝေးမှတ်တမ်းရေးသားခြင်းနှင့် အစီရင်ခံစာရေးသားခြင်းသင်တန်းသို့ သင်တန်းသား / သူ ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။