ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင် ဘာလ ၂၀ ရက် (ကြာသပတေးနေ့) နံနက်ပိုင်း တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ၊ ဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများမြှင့်တင်ရေး ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကို လေ့လာ၍ ပြန်လည်ဆန်းစစ်ကြရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်၏ အမျိုးသားစီမံကိန်းနှင့် နှစ်အလိုက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာန၏ ကဏ္ဍအလိုက် ၅ နှစ် စီမံကိန်း (၂၀၂၆-၂၀၃၀) အား လုပ်ငန်းစဉ်၊ မျှော်မှန်းချက်၊ စာရင်းအင်း တိကျမှန်ကန်ရေး ကိစ္စရပ်များထည့်သွင်း၍ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒို့တာဝန်အရေး ၃ ပါး၊ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဦးတည်ချက် (၄) ရပ် ကို အခြေခံ၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro- Based Industries) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဦးစားပေး ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ရပ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်စပ်လျဉ်း၍ ဒေသတွင်းအဖွဲ့အစည်းများဖြစ်သော အာဆီယံ ၊ GMS ၊ ACMECS အဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မိတ်ဖက်နိုင်ငံများ ရှာဖွေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေး ကို အထောက်အကူပြုမည့် အလားအလာရှိသော မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာအကူအညီ ထောက်ပံ့မှုများနှင့်စပ်လျဉ်း၍ ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက စီးပွားရေးအသိုက်အဝန်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ယုံကြည် အားကိုးရသည့် ဌာနအဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများလျင်မြန်လွယ်ကူချောမွေ့စေရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နိုင်ငံတကာနှင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာစေရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ခြုံငုံ သုံးသပ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။