၀န်ကြီးဌာနသတင်းများ

ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများအကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီး၊ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။ 

အဆိုပါဆွေးနွေးပွဲကို အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက် ရေး သဘောတူစာချုပ်ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့်နည်းလမ်း များရှာဖွေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Hon Liew Chin Tong နှင့် ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်မှုနှင့် ခရီးသွားလာရေးဝန်ကြီး၊ အထူးပြည်နယ်ဝန်ကြီး Senator the Hon Don Farrell တို့က ပူးတွဲ သဘာပတိ အဖြစ်ဆောင်ရွက်ပြီး အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင် နိုင်ငံများ (Comprehensive and Progressive Agreement for Trans-Pacific Partnership -CPTPP) မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် နှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှုစနစ်နှင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေးနှင့် ကုန် သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့် နယ်ပယ်များနှင့် ကုန် သွယ်မှုနှင့် ဝန်ဆောင်မှုမြှင့်တင်ရေး၊ ဒီဂျစ်တယ်ကုန်သွယ်မှု၊ အကောက်ခွန်မဟုတ်သည့် အစီ အမံများအပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးနှင့် ထုတ်လုပ်မှု ကွင်းဆက်များ ကြံ့ကြံ့ခံနိုင်ရေးစသည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်မည့် နယ်ပယ်များ ရှာဖွေနိုင်ရေးအတွက် ဒုတိယအကြိမ် ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်တွင် ကျင်းပနိုင်ရေး ဆောင်ရွက်ရန် အဆင့်မြင့်အရာရှိများကို တာဝန်ပေးအပ်သည်။ထို့နောက် အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံ တိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံ တိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက် မှုနက်ရှိုင်းစေရေးသည် နှစ်ဖက်စလုံး၏ စီးပွားရေး အကျိုးစီးပွားအတွက် အရေးပါကြောင်း ဆွေးနွေးတင်ပြသည်။ လက်တွေ့ကျသော ရလဒ်များ ရရှိစေရန်အတွက် ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ခိုင်မာစေရေး၊ ဒီဂျစ်တယ် ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေး ကွင်းဆက် ခံနိုင်ရည်ရှိရေး ကဲ့သို့သော အဓိက နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်းလည်း အလေးထားပြောကြားသည်။

ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများ တွင် ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊    မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ ဗီယက်နမ်၊ ယူကေ စသည့် အဖွဲ့ဝင် (၁၂) နိုင်ငံ ပါဝင်ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးနှင့်အတူ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိများ တက်ရောက်ကြောင်း သတင်းရရှိသည်။