၀န်ကြီးဌာနသတင်းများ

“စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခွင့်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်များအရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသီးသန့်ချန်လှပ်ထားသော လုပ်ငန်းများစာရင်း ရေးဆွဲခြင်း ဆိုင်ရာ အသိပညာဆွေးနွေးဖလှယ်ပွဲ” ကို National Activities စီမံကိန်းအဖြစ် အာဆီယံ - ဂျပန်ဗဟိုဌာန၏ ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အွန်လိုင်းမှ တစ်ဆင့် ဝန်ကြီးဌာန ၁၅ ခုမှ အရာထမ်း ၂၅၀ ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားကိုတော့ ရင်းနှီး မြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က Video Message ဖြင့် အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံ မှု သဘောတူစာချုပ်နှင့် ဒေသတွင်းသဘောတူစာချုပ်များအရ နိုင်ငံတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဈေးကွက်ဝင်ရောက်ခွင့် ရရှိနိုင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းများစာရင်း ပြုစုခြင်းအပိုင်းတွင် အရာထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာဥပဒေကျွမ်းကျင်ပညာရှင်များ Dr. Kabir Duggal နှင့် Mr. Harshad Pathak တို့၏ ပါဝင်အားဖြည့်မှုများနှင့်အတူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဦးစားပေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အာဆီယံ - ဂျပန်ဗဟိုဌာန၊ နိုင်ငံအလိုက် မဟာဗျူဟာ အထောက်အကူပြုအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး Ms. Deborah Nicole Danker က အာဆီယံအဖွဲ့ဝင်နိုင်ငံများ ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒ မူဘောင်များချမှတ်အကောင်အထည်ဖော်ခြင်းနှင့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ခိုင်မာစေရေးအတွက် အာဆီယံ-ဂျပန်ဗဟိုဌာနအနေ ဖြင့် ပံ့ပိုးကူညီပေးရန် ကတိကဝတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။ အသိပညာဆွေးနွေးဖလှယ်ပွဲမှတစ်ဆင့် သီးသန့်ချန်လှပ်ထားသော လုပ်ငန်းများစာရင်းနှင့် စပ်လျဉ်းသည့် သီအိုရီများနှင့် နည်းလမ်းများကို မျှဝေပေးနိုင်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ရာတွင် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်ပြည့်ဝစွာ ပြုစုရေးဆွဲနိုင်မည်ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ကြိုတင်ခန့်မှန်းနိုင်ချေရှိသည့် ဈေးကွက်ဝင်ရောက်ခွင့်ကို ရရှိနိုင် မည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ၂၀၁၃ ခုနှစ်မှစပြီး မြန်မာနိုင်ငံနှင့် အာဆီယံ - ဂျပန် ဗဟို ဌာနအကြား ရေရှည်လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်စေခြင်းဖြစ်ပါသည်။