၀န်ကြီးဌာနသတင်းများ

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဌာန သို့မဟုတ် အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်တွင် နေပြည်တော်ရှိ၊ ရုံးအမှတ် (၁) အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာ ရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ကြပါသည်။

အစည်းအဝေး၌ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဌာန သို့မဟုတ် အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများအား နှစ်တို၊ နှစ်ရှည် ငှားရမ်းခွင့်ပြုရာတွင် လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီဖြစ်စေခြင်းမှတစ်ဆင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများ အချင်းချင်းအကြား လုပ်ထုံးလုပ်နည်းများ ပိုမိုပွင့်လင်း မြင်သာမှုရှိလာစေပြီး ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာ နိုင်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒ လုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေမည့်အပြင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအကြား ပိုမိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်သည့် အကျိုးကျေးဇူးများလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး က ဌာန သို့မဟုတ် အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင် ပစ္စည်းများ ငှားရမ်းခွင့်ပြုခြင်း လုပ်ငန်းစဉ်ဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၂၆) ပါ လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းပြောကြားပါသည်။

ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ အဆိုပါလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအပေါ် တွေ့ကြုံရသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။