၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စူကျိုးမြို့၌ ကျင်းပခဲ့သော ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်(Regional Comprehensive Economic partnership Agreement – RCEP) နှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ် ( Comprehensive and progressive Agreement for Trans-Pacific partnership – CPTPP) တို့၏ အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Wang Wentao ၏ ဖိတ်ကြား ချက်အရ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။
အဆိုပါဆွေးနွေးပွဲကို RCEP နှင့် CPTPP သဘောတူစာချုပ်များတွင် ပါဝင်သောနိုင်ငံများအကြား နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်သောကုန်သွယ်မှုကိုထောက်ခံရန်၊ ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံသည့် ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းရန်နှင့် စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်မှုရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး သဘောတူစာချုပ်တို့၏ အဖွဲ့ဝင်နိုင်ငံများမှ ကုန်သွယ်ရေး ဝန်ကြီးများ၊ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်ရေးကိုယ်စားလှယ် (full Minister Rank) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Li Chenggang က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်မှုနှင့် လွတ်လပ်သောကုန်သွယ်မှုကို ထောက်ခံရေး၊ ပွင့်လင်းမြင်သာပြီး စည်းမျဉ်း အခြေခံသည့် ကုန်သွယ်မှုစနစ်ကိုထိန်းသိမ်းရေး၊ စက်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်များ တည်ငြိမ်မှုရှိစေရေး၊ RCEP နှင့် CPTPP သဘောတူ စာချုပ်များ အကောင်အထည်ဖော်ရေးနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးကြသည်။
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းပြီးစည်းမျဉ်းအခြေပြု နိုင်ငံစုံကုန်သွယ်ရေး စနစ်ကို အခိုင်အမာထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအပေါ်အချို့သောနိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်အတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိသည်ကို အသိအမှတ်ပြုပါကြောင်း၊ အဆိုပါနိုင်ငံစုံကုန်သွယ်ရေး စနစ်သည် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စီးပွားရေး ကြံ့ကြံ့ခံနိုင်စွမ်းကို အထောက်အကူများစွာပြုပါကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များ သည် စီးပွားရေးကိုသာ အဓိကရှေးရှုလုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေး ရည်ရွယ်ချက် မပါရှိပါကြောင်း၊ ညီမျှပြီးတည်ငြိမ်သည့် ကုန်သွယ်ရေးဝန်းကျင်ကောင်းကို ရရှိစေရန် ပို့ကုန်၊ သွင်းကုန်နိုင်ငံများ အနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ အကောက်ခွန်မူဝါဒများကို မျှတ၍ အပြန်အလှန်အကျိုးဖြစ်ထွန်း စေရေး ဆောင်ရွက်သင့်ပါကြောင်း၊ သင့်လျော်သည့်ကုန်သွယ်ရေး အခွန်နှုန်းထားများကို ထားရှိစေခြင်းဖြင့် နိုင်ငံအချင်းချင်းကုန်သွယ်မှုကို တိုးမြှင့်လာနိုင်မည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့အပြင် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ ဒီဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေး (Green Economy) ကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အလေးပေးမြှင့်တင်ရန် လိုအပ်ကြောင်းနှင့် ဒေသတွင်းပေါင်းစည်းမှု ခိုင်မာစေ ရန် RCEP နှင့် CPTPP သဘောတူစာချုပ်များအကြား ချိတ်ဆက်မှုမြှင့်တင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။