၀န်ကြီးဌာနသတင်းများ

အမျိုးသားစီမံကိန်း  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၆ (Mandalay Investment Forum-2026)ကို မန္တလေးမြို့၊ ရတနာပုံ ခန်းမ၌ ကျင်းပရာ  အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်တို့ တက်ရောက်အမှာစကားပြောကြားသည်။

         ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း (၃၂၅) ဦးခန့် တက်ရောက်ကြသည်။

            ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးသည် တရုတ်-မြန်မာစီးပွားရေး စင်္ကြံ (CMEC) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးတို့ ဆုံဆည်းရာ မဟာဗျူဟာမြောက် ကုန်သွယ်မှုတံခါးပေါက်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးစနစ်များ အခိုင်အမာရှိသည့် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက် (Logistic Hub) တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး အင်အားကိုမြှင့်တင်ရန်အတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်နိုင်သည့်နေရာ တစ်ခုလည်းဖြစ်ကြောင်း၊  ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အလားအလာကောင်းများရှိကြောင်း၊  စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန် (Value-Added)လုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ ရေရှည် တည်တံ့ပြီး တာဝန်ယူမှုရှိသောရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြိုဆိုအားပေးပါကြောင်းနှင့် လုပ်ငန်းလည်ပတ်မှုလွယ်ကူချောမွေ့စေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

            ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်း ဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနေမှု၊ သွင်းကုန်အစားထိုးနှင့် ပြည်ပပို့ကုန်တင်ပို့နိုင်မည့် စိုက်ပျိုးရေးနှင့်  မွေးမြူရေးအခြေခံ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်နေမှု၊  မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့်စပ်လျဉ်း၍ ပြောကြားသည်။

            ဆက်လက်၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် လက်ရှိရင်းနှီးမြှုပ်နှံမှုအခြေအနေ များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ရင်းနှီး မြှုပ်နှံမှုဝန်းကျင်ကောင်းဖြစ်လာစေရန်တို့အတွက် ရည်ရွယ်၍ စကားဝိုင်းဆွေးနွေးပွဲကို အစိုးရ ဌာနများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား သည်။

          အဆိုပါ ဖိုရမ်ကို မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးရန်၊ ပြည်တွင်း အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများအကြား ဆက်သွယ်ချိတ်ဆက်လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး MSMEsလုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းစုစုပေါင်း(၅၀)ခန့်  ခင်းကျင်းပြသခဲ့ကြောင်း သတင်းရရှိသည်။