အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုး က ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက် (သောကြာနေ့)၊ ၁၀၀၀ နာရီတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ခုနှစ်တွင်ပါရှိသည့် ကိစ္စရပ်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီမှ ဆုံးဖြတ်ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၏ အကောင်အထည်ဖော်နေမှုများအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ဘယ်လာရုစ်သံရုံးမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။