အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်-၂၀၂၆ (Ayeyarwady Investment Forum-2026)ကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်တို့ တက်ရောက် အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည့်ဒေသဖြစ်ကြောင်း၊ အလားအလာများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုစွမ်းရည်မြင့်မားလာပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရေးအတွက် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်မှု၊ ကုန်စည်ဖြန့်ဖြူးရေးနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ဒေသ၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်နေမှုများ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသ၏ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ဦးစားပေးကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြပြီး တက်ရောက်လာသည့် ရင်းနှီးမြှုပ်နှံသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပုသိမ်စက်မှုဇုန်စီမံကိန်း (Pathein Industrial Project) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီ၏တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။