၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ မတ် ၂၄ ရက်

ကိုရီးယားသမ္မတနိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ၊ ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။


အစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီ၊ ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲ စီမံကိန်းများ၏ လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ အဆိုပြုထားဆဲ စီမံကိန်းများ၊ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက အသီးသီးတင်ပြ ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးမည့်ကိစ္စရပ်များကို စဉ်ဆက်မပြတ် ညှိနှိုင်းဆောင်ရွက်ပေးနေပါကြောင်း၊ စီမံကိန်းများနှင့်စပ်လျဉ်း၍ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေရသည့်ကိစ္စရပ်များကို သတ်မှတ်ပုံစံဖြင့် ဖြည့်စွက်၍ အမြန်ဆုံးပေးပို့ရန် လိုအပ်ပါ ကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာန/ အဖွဲ့အစည်း များက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့်ကိစ္စရပ်များအား ဆွေးနွေးမှာကြားပါသည်။


 အဆိုပါ အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။