၀န်ကြီးဌာနသတင်းများ

“အရင်းအမြစ်များ၊ ညှိနှိုင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်စနစ်၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုတို့ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး စကားဝိုင်းဆွေးနွေးပွဲ (Myanmar Development Effectiveness Roundtable) ကို ကျင်းပလျက်ရှိသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများက ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက် ကြသည်။

ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအစိုးရအနေဖြင့်  ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပြည်တွင်း ပြည်ပ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍအပါဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်း၍ ဖွံ့ဖြိုးမှု အကူအညီများကို ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန်အတွက် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအကူအညီများသည် နိုင်ငံ၏ စီးပွားရေး ရေရှည် တည်တံ့ဖွံ့ဖြိုးစေပြီး အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြောင်း၊ ဒါ့အပြင် ဖွံ့ဖြိုးမှု အကူအညီများသည် စီးပွားရေး တိုးတက်မှု၊ အလုပ်အကိုင် ဖန်တီးမှု နှင့် နည်းပညာ ဖလှယ်ပေးနိုင်သည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးရန်အတွက် အရေးပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း နှင့် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုများသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့ဖွံ့ဖြိုးမှုခရီးစဉ် ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်သည့်  ဦးဆက်အောင် နှင့် ဦးမင်းရဲပိုင်ဟိန်း နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်တို့က  ပါဝင်ဆွေးနွေးကြပြီး၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ဆွေးနွေးပွဲ သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးမှုအကူအညီများနှင့်စပ်လျဉ်း၍ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များတွင် အရပ်ဖက်လူ့အဖွဲ့အစည်း များ ပါဝင်လာနိုင်စေမည့် ဝန်းကျင်ကောင်းများ ဖန်တီးပေးရေး” ၊ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အစိုးရ-ပုဂ္ဂလိက ကဏ္ဍပါဝင်မှု မြှင့်တင်ရေး”၊ “တာဝန်ယူမှု ရှိသည့် အားလုံးပါဝင် နိုင်သော မြန်မာ့စီးပွားရေး” နှင့် “ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အထောက်အပံ့များ ၏ အကျိုးသက်ရောက်မှုများ ၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) အကောင်အထည်ဖော်ရေးအတွက် နိုင်ငံတကာ၏ အတွေးအမြင်များ” စသည့် ကဏ္ဍ(၄)ခုကို တစ်ပြိုင်နက်တည်း ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်တွင်း ပြည်ပအရပ်ဖက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်နှင့် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေးကြသည်။

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်း က နိဂုံးချုပ်အမှာစကားကို ပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေးစကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ဆွေးနွေးပွဲကို  ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။